DVB Logo
Home
မြန်မာသတင်း
စစ်တပ်က မဲဆန္ဒနယ်မြေကို စိတ်ကြိုက်သတ်မှတ်ပြီး ရွေးကောက်ပွဲ မဲလိမ်မဲခိုး  ပုံစံသစ်ကျင့်သုံးနိုင် 
DVB
·
August 6, 2025
စစ်တပ်က မဲဆန္ဒနယ်မြေကို စိတ်ကြိုက်သတ်မှတ်ပြီး ရွေးကောက်ပွဲ မဲလိမ်မဲခိုး  ပုံစံသစ်ကျင့်သုံးနိုင် 
Donate to DVB

၆ ကြိမ်မြောက် ပြင်ဆင်လိုက်တဲ့ လွှတ်တော်တွေရဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ အာဏာသိမ်းစစ်တပ်ဟာ နိုင်သူအကုန်ယူစနစ်နဲ့ရော အချိုးကျကိုယ်စားပြု (PR)စနစ်နဲ့ပါ ရောပြီးကျင်းပမယ့် လွှတ်တော်တွေအတွက် မဲဆန္ဒနယ်မြေကို လိုသလို သတ်မှတ်ပြီး အနိုင်ရလဒ်ကို ကစားတဲ့ မဲလိမ်မဲခိုးတဲ့ ပုံစံကို ကျင့်သုံးလာနိုင်တယ်လို့  ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ မြို့နယ်တွေကို ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ မြို့နယ်တွေနဲ့ ပေါင်းပြီး မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ်နိုင်သလို ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲကို ကျင်းပပြီး မဲဆန္ဒနယ်တခုလုံးအတွက် ကိုယ်စားလှယ်လောင်းကို ရွေးချယ်နိုင်တဲ့ပုံစံကိုလည်း ဖန်တီးနိုင်တယ်လို့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို စောင့်ကြည့်ခဲ့တဲ့ အဖွဲ့အစည်း တာဝန်ရှိသူတယောက်က သုံးသပ်ပါတယ်။

အခုပြင်လိုက်တဲ့ ဥပဒေအရ အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ မြို့နယ်တွေ ရှိနေတာကြောင့် ပြည်သူ့လွှတ်တော်အတွက် လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၃၃၀ ကို အပြည့်မယူနိုင်ပေမဲ့ အမျိုးသားလွှတ်တော်အတွက် ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၆၈ နေရာနဲ့ တိုင်းဒေသကြီး ပြည်နယ်အလိုက် ရရှိထားတဲ့ ကိုယ်စားလှယ်အရေအတွက် အားလုံးကို ရရှိအောင် ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

စစ်တပ်က အခုကျင့်သုံးမယ့် ရွေးကောက်ပွဲစနစ်က ရှုပ်ထွေးပြီး နိုင်ငံရေးပါတီတွေကြားမှာ နားလည်ရ ခက်ခဲနေသလို အချိုးကျကိုယ်စားပြု PR စနစ်ကိုလည်း ပြည့်ပြည့်ဝဝ ကျင့်သုံးတာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရှိန်းထွန်းကလည်း ဝေဖန်ပါတယ်။

တနိုင်ငံလုံးမှာ စစ်ဖြစ်နေတာကြောင့် အာဏာသိမ်းစစ်တပ်က အခုချိန်ထိ ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေကို တိတိကျကျ မကြေညာနိုင်သေးပေမဲ့ မဲဆန္ဒနယ် ၂၆၇ နေရာမှာ လုပ်ဖို့ လျာထားပြီး အပိုင်းလိုက် ရွေးကောက်ပွဲပြုလုပ်မယ်လို့ အာဏာသိမ်းစစ်တပ်က ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဘက်က နိုင်ငံရေးပါတီတွေကို ပြောဆိုထားပါတယ်။

အဲဒီအပြင် အခုကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာလည်း ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကျင့်သုံးခဲ့တဲ့ မဲပေးတဲ့စနစ်ကို ကျင့်သုံးမှာမဟုတ်ဘဲ အီလက်ထရောနစ် မဲပေးတဲ့စနစ်ကို ကျင့်သုံးမှာဖြစ်ပြီး မဲပေးရွေးချယ်မှုအပေါ် မဟုတ်မမှန် ပြောဆိုတာတွေအပြင် ရွေးကောက်ပွဲကို ပျက်စီးအောင် ဆောင်ရွက်တာတွေ ကျူးလွန်ရင် ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်မယ်လို့ ကြေညာထားသလို အဲဒီဆောင်ရွက်ချက်တွေကြောင့် သေဆုံးသူရှိခဲ့ရင် သေဒဏ်အထိ ချမှတ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က သူတို့ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကို နိုင်သူအကုန်ယူစနစ်နဲ့ ကျင်းပပြီး အမျိုးသားလွှတ်တော် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာတော့ နိုင်သူအကုန်ယူစနစ်နဲ့ရော အချိုးကျကိုယ်စားပြု PR ရွေးကောက်ပွဲစနစ်နဲ့ပါ ရောနှောကျင်းပမယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ မှတ်ပုံတင်ထားတဲ့ပါတီ ၅၇ ပါတီရှိပြီး တနိုင်ငံလုံးအဆင့် ဝင်ပြိုင်မယ့် ပါတီက ၉ ပါတီသာရှိပြီး ကျန်ပါတီအားလုံးက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကိုသာ ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလည်း စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီက နည်းလမ်း ပေါင်းစုံနဲ့ မဲလိမ် မဲခိုးခဲ့ပေမဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013