
တောင်ကိုရီးယားရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ပိုင်ဆိုင်ရေးအစီအစဉ်က လက်တွေ့ အကောင်အထည်ဖော်မဲ့ အဆင့်ကို ရောက်ရှိလာတာဟာ ဒေသတွင်းလုံခြုံရေးမတည်မငြိမ် ဖြစ်စေမှုကို ပိုမိုကြီးထွားလာစေတယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၂ ရက်မှာ ဝေဖန်လိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ နည်းဗျူဟာမြောက် အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို စိန်ခေါ်ဖို့ ကြိုးပမ်း လာတဲ့ ရန်သူ့နိုင်ငံတွေရဲ့ ဘယ်လိုစစ်ရေးလှုပ်ရှားမှုကိုမဆို ပြန်လည် မထူထောင်နိုင်တော့တဲ့အထိ လက်တုံ့ပြန် တိုက်ခိုက်နိုင်မဲ့ အသာစီးရ စွမ်းအားမျိုး ပိုင်ဆိုင်ထားတာဟာ စစ်ပွဲကို ဟန့်တားဖို့ အတွက် အတာဝန်ယူမှုရှိဆုံး ရွေးချယ်မှုဖြစ်တယ်လို့ မြောက်ကိုရီးယားသတင်းဌာန KCNA က ထုတ်လွှင့်တဲ့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။
မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောပစ် နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ ရည်ရွယ်တဲ့ အစီအစဉ်အသစ်အရ ၂၀၃၀ ပြည့်လွန်နှစ် အလယ်ပိုင်းမှာ ပထမဆုံး နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘော စတင်ပြေးဆွဲဖို့ ကြိုးပမ်းသွားမယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေ က မေလတုန်းက ပြောထားတာပါ။
ဒီအတောအတွင်းမှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပြုလုပ်လေ့ရှိပြီး မြောက်ကိုရီးယားက နှစ်ရှည်လများ ကန့်ကွက်နေတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီး မစတင်ခင် ရက်ပိုင်းအလို ဗုဒ္ဓဟူးနေ့ အစောပိုင်းက မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်ဆီ ဒုံးပျံတစင်း ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။
Source:Reuters











