
အာရှရက်ဖ် ကာဘွန်ဂါလို့ လူသိများတဲ့ အီဂျစ်နပန်းသမား အာရှရက်ဖ် မာရော့စ်ဟာ ဂင်းနစ် ကမ္ဘာ့စံချိန်တင်ဖို့အတွက် ကားအစီး ၂၀ ကို ၁၀ မီတာ အကွာအဝေးအထိ ဆွဲပြခဲ့ပါတယ်။
အသက် ၄၄ နှစ်အရွယ် ဂင်းနစ်ကမ္ဘာ့စံချိန်ရှင်က “ဒီကြိုးပမ်းမှုဟာ စံချိန်သစ်တင်ဖို့အတွက် သူ့ရဲ့ ၇ ကြိမ်မြောက် ကြိုးပမ်းမှု” ဖြစ်တယ်လို့ ပြောပါတယ်။
ကာဘွန်ဂါက အီဂျစ်နိုင်ငံ၊ ရှာကီးယားပြည်နယ်၊ 10th of Ramadan မြို့မှာ ခန့်မှန်းခြေ အလေးချိန် ကီလိုဂရမ် ၂၇,၀၀၀ ရှိတဲ့ ကားအစီး ၂၀ ကို လူအုပ်ကြီးရှေ့မှာ ဆွဲပြခဲ့တာဖြစ်ပါတယ်။
ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းတွေအရ ကာဘွန်ဂါက အရင်ကလည်း ရထားကို သွားနဲ့ဆွဲတဲ့ ကမ္ဘာ့စံချိန်၊ အလေးဆုံးမီးရထားစက်ခေါင်းကို ဆွဲတဲ့စံချိန်၊ စက္ကန့် ၃၀ အတွင်း ကြက်ဥအစိမ်း အများဆုံးခွဲပြီးစားပြတဲ့ စံချိန်တွေ အပါအဝင် ဂင်းနစ် ကမ္ဘာ့စံချိန် အများအပြား တင်ထားသူ ဖြစ်ပါတယ်။
Source: Reuters










