DVB Logo
Home
မြန်မာသတင်း
စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များထိန်းသိမ်းကာကွယ်ခြင်း ဥပဒေကို စစ်ခေါင်းဆောင်က ဘာကြောင့် ထုတ်ပြန်သလဲ 
DVB
·
August 4, 2025
စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များထိန်းသိမ်းကာကွယ်ခြင်း ဥပဒေကို စစ်ခေါင်းဆောင်က ဘာကြောင့် ထုတ်ပြန်သလဲ 
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်လိုက်တဲ့ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များထိန်းသိမ်းကာကွယ်ခြင်း ဥပဒေဟာ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကနေစပြီး အရပ်သားပြည်သူတွေအထိပါ သက်ရောက်မှုရှိနေပါတယ်။

စစ်ကောင်စီမဖျက်သိမ်းခင် ရက်ပိုင်းအလိုမှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များထိန်းသိမ်းကာကွယ်ခြင်းဥပဒေကို ဇူလိုင် ၂၈ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်တာပါ။

အဲဒီဥပဒေရဲ့ အဓိကရည်ရွယ်ချက်က တခြားနိုင်ငံတွေရဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့တွေ တရားမဝင် လက်နက်ကိုင်အဖွဲ့တွေနဲ့ လူပုဂ္ဂိုလ်တွေကို စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေကို အသုံးပြုလေ့ကျင့်ပေးတာ၊ ဝန်ဆောင်မှုတွေ ပေးတာအပြင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေကို လွှဲပြောင်းပေးတာကို တားဆီးဖို့ လို့ ဆိုပါတယ်။

တပ်တွင်းသတင်းအရင်းအမြစ်တချို့နဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ထားတဲ့ CDM အရာရှိတွေကတော့ တပ်တွင်းသတင်းပေးတွေနဲ့ တပ်ကနေ အငြိမ်းစားယူတော့မယ့် စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့တဲ့ အရာရှိစစ်သည်တွေအပြင် စစ်ကောင်စီ လက်နက်ရရှိရေးအတွက် ပြည်ပကနေ နည်းလမ်းမျိုးစုံနဲ့ အကျိုးအမြတ်ယူပြီး ဝယ်ယူပေးခဲ့တဲ့ အရပ်ဘက်လုပ်ငန်းရှင်တွေကိုပါ ရည်ရွယ်တာလို့ CDM အရာရှိဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေဟာ စစ်ဘက်ဆိုင်ရာ အဂ္ဂမဟာဗျူဟာ မဟာဗျူဟာနဲ့ နည်းဗျူဟာတွေအပြင် စစ်ဘက်လေ့ကျင့်ရေးဆိုင်ရာကိစ္စတွေ စစ်လက်နက်ထုတ်လုပ်ရေးနဲ့ သတင်းနဲ့ ပြန်ကြားရေးလုပ်ငန်းတွေ အပါအဝင် ထုတ်ပြန်ထားပြီးဖြစ်တဲ့ သတင်းအချက်အလက်တွေနဲ့ စစ်တပ်လက်အောက်ခံလုပ်ငန်းတွေရဲ့ အချက်အလက်တွေပါ ပါတာကြောင့် အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတဲ့ အရပ်သားဝန်ထမ်းတွေကိုပါ အာဏာသိမ်းစစ်တပ်က ပစ်မှတ်ထားလိုက်တာလို့ သုံးသပ်ကြပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းစကာလအတွင်းမှာ ဖရိုဖရဲဖြစ်သွားတဲ့ တပ်တွင်းအခြေအနေနဲ့ ပေါက်ကြားမှုတွေများခဲ့တဲ့ စစ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ထိန်းချုပ်ဖို့ အရင်နှစ်တွေကတည်း အဆင့်ဆင့် ညွှန်ကြားပြီးဆောင်ရွက်စေခဲ့တာဖြစ်ပြီး အခုကတော့ သေဒဏ်ထိပေးလို့ရတဲ့ ဥပဒေကို ပြဋ္ဌာန်းပြီး   တရားဝင်ဆောင်ရွက်လိုက်တဲ့သဘောလို့လည်း CDM အရာရှိဗိုလ်ကြီးညီသုတက ဆိုပါတယ်။

အမည်မဖော်လိုတဲ့ စစ်ရေးဆိုင်ရာ လေ့လာသူတယောက်ကတော့ အခု စစ်တပ်က ထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ တပ်တွင်းမှာ တာဝန်ထမ်းဆောင်နေသူတွေ၊ တပ်တွင်းသတင်းပေးတွေ၊ ပြည်သူ့ စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်သူတွေ လက်နက်ဝယ်ယူပေးသူတွေ စစ်တပ်လုပ်ငန်းတွေမှာ လုပ်ကိုင်တဲ့ အရပ်သားတွေအပြင် မကြာခင်မှာ ခွင့်ပြုတော့မယ့်  ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ရည်ရွယ်တာလို့ ထောက်ပြပါတယ်။

အဲဒီလုပ်ငန်းတွေမှာ နိုင်ငံခြားသားလုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုပေးမှာဖြစ်တာကြောင့် အဲဒီမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ကြမယ့် စစ်တပ်အငြိမ်းစားတွေ၊ ရဲဝန်ထမ်းအငြိမ်းစားတွေအနေနဲ့ စစ်တပ်နဲ့ ဆိုင်တဲ့ လျှို့ဝှက်ရေးကိစ္စတွေကို မပေါက်ကြားစေချင်တာက ကန့်သတ်တာလို့ ဆိုပါတယ်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေနဲ့ အငြိမ်းစားယူသွားတဲ့သူတွေဟာ တပ်တွင်းသတင်းတွေနဲ့ လျှို့ဝှက်ချက်တွေကို ပြင်ပနဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေကို မရောင်းစားဖို့အတွက် ကန့်သတ်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

စစ်တပ်က အခုပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရဆိုရင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေဟာ တာဝန်ထမ်းဆောင်ဆဲ ကာကွယ်ရေးဝန်ထမ်းတွေဟာ ဌာနခွင့်ပြုချက်မရှိဘဲ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းအဖြစ် ဘာလိုနည်းလမ်းမျိုးနဲ့မှ လုပ်ကိုင်ခွင့်မရှိသလို အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေဆဲ ကာကွယ်ရေးဝန်ထမ်းဟောင်းတွေဟာလည်း ဒီဥပဒေထုတ်ပြန်ပြီး ၆ လအတွင်း ဝန်ကြီးဌာနကို ခွင့်ပြုချက် လျှောက်ထားရမယ်လို့ ဖော်ပြပါတယ်။

 အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013