DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် G12 အမှတ်စာရင်းအတွက် အမြန်ကြေးပေးနေရ
DVB
·
August 3, 2025
ရန်ကုန်တွင် G12 အမှတ်စာရင်းအတွက် အမြန်ကြေးပေးနေရ
Donate to DVB

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းနဲ့ ပါရမီလမ်းထောင့်မှာရှိတဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှာ တက္ကသိုလ်ဝင်တန်း(G12) အမှတ်စာရင်း အမြန်ရဖို့အတွက် ဝန်ထမ်းတွေကို ငွေကြေးပေးနေရတယ်လို့ အမှတ်စာရင်းထုတ်ယူသူတွေက ပြောပါတယ်။

ဇူလိုင်  ၂၈ ရက်နဲ့ ၂၉ ရက်က ထုတ်ပေးတဲ့ အမှတ်စာရင်းတွေမှာ အမှားအယွင်းတွေရှိတာကြောင့် ဒီအမှတ်စာရင်းကို အောင်စာရင်းထွက်ပြီး ၃ ရက်အကြာ ဇူလိုင် ၃၀ ရက်နေ့မှာမှ ပြန်လည် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အမှတ်စာရင်းထုတ်ယူရာမှာ စာစစ်ဌာနရဲ့ စီမံခန့်ခွဲမှုအားနည်းတာကြောင့် ထောင်နဲ့ချီတဲ့ စာမေးပွဲဖြေဆိုခဲ့သူတွေ အချိန်အကြာကြီး စောင့်ဆိုင်းကြရပြီး ဝန်ထမ်းတွေကိုယ်တိုင်က ပွဲစားတွေနဲ့ပဲ လုပ်ဆောင်ခိုင်းနေကြပါတယ်။

အမှတ်စာရင်းထုတ်ယူသူတယောက်က “နေ့ချင်းပြီး မရပါဘူး။ ပထ‌မနေ့သွားတာ ၁၂ နာရီကျော်သွားလို့ ‌နောက်ရက်မှ သွားထုတ်ရတာ။ စာစစ်ဌာနထဲဝင်တာနဲ့ ဘယ်ကဘယ်လို ဆိုတာ ဘာမှကို မညွှန်ထားဘူး။ ရှိတဲ့လူတွေကလည်း အော်ငေါက်နေတာ။ လူများတယ်၊ အနည်းဆုံး အထဲမှာတောင် ၄၀၀၊ ၅၀၀ လောက်ရှိတယ်။ တချို့ကလည်း ‌မစောင့်နိုင်ကြတော့ ပွဲစားနဲ့ အပ်ကြတယ်။ အဲဒီပွဲစားတွေကလည်း ဝန်ထမ်းတွေရဲ့ လူတွေချည်းပဲ။ ပွဲစားနဲ့က သိပ်မကြာဘူး။ နာရီဝက်၊ ၁ နာရီလောက်ပဲ” လို့ ပြောပါတယ်။

ကိုယ်တိုင်ထုတ်ယူသူတွေဟာ အမှတ်စာရင်းတစောင်စာအတွက် ၂၀၀ တန်တံဆိပ်ခေါင်းနဲ့ လျှောက်လွှာစာရွက်ပိုင်းတခုကို ၁၅၀၀ ကျပ်ပေးရသလို ‌ခုံနံပါတ်တခုပါ လျှောက်လွှာတစောင်အတွက် ပွဲစားခ ၇,၀၀၀၊ ဝန်ထမ်းတယောက်ကို ၃,၀၀၀ ကျပ်စီ ပေးနေရပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ထွက်ပေါ်လာတဲ့ ဓာတ်ပုံတချို့မှာတော့ ဇူလိုင် ၃၀ ရက်မတိုင်ခင် ထုတ်ယူခဲ့တဲ့ အမှတ်စာရင်းတွေမှာ စာမေးပွဲအောင်မြင်သူတွေကိုယ်တိုင် ကျရှုံးဘာသာရပ်တွေ ပါဝင်လာတာ တွေ့ရပြီး ဝေဖန်တာတွေရှိခဲ့တာပါ။

ကျောင်းသားမိဘတယောက်က “ဖေ့စ်ဘွတ်ခ်မှာ တွေ့တယ်။ ၃၂ မှတ်ရတဲ့သူတောင် အ‌အောင်ပေးထားတာ။ မိဘတဦးအနေနဲ့ ဒီစာမေးပွဲက မမျှတဘူးလို့ ထင်ပါတယ်။ မကျေနပ်ရင် အဖြေ ပြန်စစ်ခိုင်းလို့ ရတယ်လို့ သူတို့ ကြေညာထားလည်း ဒါက ဒါပဲ ရမှာပဲ” လို့ ပြောပါတယ်။

စာစစ်ဦးစီးဌာနရဲ့ ရုံးတွင်းကြေညာချက်တွေမှာတော့ နေပြည်တော် စာစစ်ဦးစီးဌာနရဲ့ လုပ်ငန်းသုံးစက်ပစ္စည်းတွေ ချို့ယွင်းခဲ့တာကြောင့် ဇူလိုင် ၃၀ ရက်နေ့ ထုတ်ပေးတဲ့ အမှတ်စာရင်းတွေကပဲ အမှန်ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ၊ ပညာရေးဌာနကပြုလုပ်ခဲ့တဲ့ ၂၀၂၄-၂၅ တက္ကသိုလ်ဝင်တန်း Grade 12 စာမေးပွဲမှာ အမှတ်စာရင်းမှားယွင်းတာတွေကြုံတွေ့နေရသလို မတ် ၂၈ ရက် ငလျင်‌ဘေး‌ကြောင့်လည်း အဖြေလွှာတွေပျက်စီးသွားလို့ ပြန်ဖြေခဲ့ကြရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013