
ဇူလိုင် ၃၁ ရက်က စစ်မှုထမ်းအပတ်စဥ် ၁၃ သင်တန်းဆင်းခဲ့တဲ့အထဲမှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သား ရဲထက်နောင်လည်း ပါဝင်တယ်လို့ နေပြည်တော် သတင်းရင်းမြစ်ကနေ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဗထူးတပ်မြို့ (ကြည်း) ဗိုလ်သင်တန်းကျောင်းမှာ ဇူလိုင် ၃၁ ရက်က အပတ်စဥ် ၁၃ သင်တန်းဆင်းတဲ့အထဲမှာ ပါဝင်ပြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့သား ပါဝင်တယ်လို့ သင်တန်းကျောင်းနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“၅ လပိုင်းကဖွင့်တဲ့ အပတ်စဥ် ၁၃ မှာ ပါလာတာ၊ ကျောင်းမှာ ဗိုလ်ချုပ်ကြီးသားမှန်းမသိဘူး၊ သင်တန်းဆင်းမှသိတာ၊ သင်တန်းမှာ ထူးချွန်ဆုရယ် စံပြဆု ရတာကြောင့် ဗိုလ်မှူးချုပ်ဇော်ဖြိုးဝင်း ကိုယ်တိုင် တဆင့်မြင့်ရာထူး တိုးပေးလိုက်တာ။”
ရဲထက်နောင်မှာ ရှမ်းပြည်တောင်ပိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်းအပတ်စဥ် ၁၃ မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေကနေ သင်တန်းတက်ခဲ့တာလို့လည်း သူကပြောပါတယ်။
မနေ့က မြန်မာနိုင်ငံတဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်း စစ်မှုထမ်းအပတ်စဥ် ၁၃ ကို သင်တန်းဆင်းခဲ့တာပါ။
စရဖချုပ်ကနေ ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးမြှင့်ခံရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးမှာ ဇူလိုင် ၃၁ ရက်က အသစ်ထပ်မံဖွဲ့စည်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးရဲ့ တွဲဖက်အမှုဆောင်ချုပ်အဖြစ် တာဝန်ပေးခြင်း ခံရပါတယ်။
မြန်မာနိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင် အကောင်အထည်ဖော်ကျင့်သုံးခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆို အပတ်စဥ် ၁၇ အထိ ရောက်လာပြီဖြစ်ပါတယ်။










