
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာမှာ ဇူလိုင် ၂၈ ရက်က သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့ သံသယနဲ့ ဘုန်းကြီးတပါးကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၉ နှစ်အရွယ် ၄ တန်းကျောင်းသူ မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှု သံသယနဲ့ အသက် ၆၉ နှစ်အရွယ် ဘုန်းကြီးတပါးကို အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲ့ (DLEPS) က ဖမ်းဆီးထားတာလို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“ကလေးက ဘုန်းကြီးကျောင်းက ဓမ္မာရုံမှာ ကျူရှင်ချိန် စာသင်နေကြတာ။ အခင်းဖြစ်တဲ့နေ့က ကျူရှင်ချိန်ဆင်းပြီး ထီးမေ့ကျန်ခဲ့တာကို စစ်တွေကနေ စစ်ဘေးတိမ်းရှောင်နေတဲ့ ရဟန်းတပါးက ကလေးငယ်ကို ဖျားယောင်းပြီး အဓမ္မပြုကျင့်တာလို့ သိရတယ်။ အဲဒီဖြစ်စဉ်ကို ကလေးက မိခင်ကို တိုင်တော့မှ သိရပြီးတော့ ရဲကိုတိုင်ပြီး ရဲတပ်ဖွဲ့က မြို့နယ်သံဃနယကအဖွဲ့နဲ့ စိစစ်ပြီး ဖမ်းဆီးလိုက်တာ။ မိသားစုဝင်တွေကတော့ သက်ငယ်မုဒိမ်းမှုဖြစ်တာကြောင့် ထိရောက်စွာ အရေးယူပေးဖို့ မျှော်လင့်နေကြတယ်။”
စစ်တွေမြို့က စစ်ဘေးတိမ်းရှောင်နေတဲ့ ဦးစန္ဒိမာ (ခ) စိန်လှထွန်း (၆၉) နှစ်ကို သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့မှု သံသယနဲ့ AA ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး ရာဇသတ်ကြီး ပုဒ်မ- ၃၇၆ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်တာဟာ ကလေးတွေရဲ့စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးခံရသလို လူမဆန်တဲ့ လုပ်ရပ်ကျူးလွန်တာဖြစ်တဲ့အတွက် နောက်နောက် အခုလို ဖြစ်စဉ်တွေ မဖြစ်ရစေဖို့အတွက် ဥပဒေအောက်မှာ လျှော့ပေါ့တာတွေမရှိဘဲ ပြစ်မှုကျူးလွန်သူကို အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မေ ၆ ရက်ကလည်း မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာ အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တယောက်ကို အဓမ္မပြုကျင့်သတ်ဖြတ်မှုတခုဖြစ်ခဲ့ပြီး သံသယရှိသူတွေကို ဖမ်းဆီးထားတယ်လို့ AA က ထုတ်ပြန်ထားပေမဲ့ ဘယ်လိုပြစ်ဒဏ်ချမှတ်ထားတယ် ဆိုတာတော့ မသိရသေးပါဘူး။
အာရက္ခတပ်တော် ULA/AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို အများပြည်သူရှေ့မှာ အပြစ်ပေး အရေးယူသင့်တယ်လို့ ရခိုင်က တက်ကြွလူငယ် အမျိုးသမီးတယောက် မှတ်ချက်ပြု ပြောကြားပါတယ်။
“ရခိုင်မှာ ၂၀၂၅ ခုနှစ် ပထမ ၇ လအတွင်းမှာတင် သက်ငယ်မုဒိမ်းမှု ၂ ခုဖြစ်တယ်ဆိုတာက တော်တော်လေးကို တုန်လှုပ်စရာပါပဲ။ ဘာမှမသိတဲ့ ကလေးငယ်တွေကို ဒီလိုကျူးလွန်တာက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကိုပါ အများကြီးထိခိုက်စေသလို လူ့အသိုက်အဝန်းအတွက်လည်း ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ အဲဒါကြောင့် နောက်နောင် မလုပ်ရဲကြအောင် ဒီလိုပြစ်မှုကျူးလွန်သူတွေကို အများပြည်သူရှေ့မှာ ထိထိရောက်ရောက် အရေးယူပြပေးဖို့ လိုအပ်တယ်။”
၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာ သက်ငယ်မုဒိမ်းမှုတခုနဲ့ ပေါက်တောမြို့နယ်မှာ သက်ငယ်မုဒိမ်းတခု ဖြစ်ပွားခဲ့ပါတယ်။










