DVB Logo
Home
မြန်မာသတင်း
ပင်းတယတွင် တောင်ပြိုပြီးနောက် တရွာလုံး ပြောင်းရွှေ့ရဖွယ်ရှိ
DVB
·
August 1, 2025
ပင်းတယတွင် တောင်ပြိုပြီးနောက် တရွာလုံး ပြောင်းရွှေ့ရဖွယ်ရှိ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်မှာ ပင်းတယတောင်တန်း မြေပြိုရာက လူတယောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး တရွာလုံးနီးပါး ကျောက်ခဲတွေ၊ သစ်တုံးတွေနဲ့ ပြည့်နှက်သွားတဲ့ ကုန်းစောင်းကျေးရွာ ပြောင်းရွှေ့ရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ဇူလိုင် ၂၈ ရက် ညသန်းခေါင်မှာ ပင်းတယမြို့နယ်မှာ တောင်တန်းမြေပြိုပြီး တောင်ကျရေတွေ စီးဆင်းခဲ့တာကြောင့် လူ ၇ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိကာ လူတယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပြိုကျမှုကို ပင်းတယမြို့ထဲနဲ့ အနည်းငယ်ဝေးတဲ့ မြို့အထွက်က ပင်းတယတောင်တန်းပေါ်က သိမ်ကုန်းကျေးရွာအုပ်စုရှိ ပင်စိမ်းပင်၊ ကုန်းစောင်း၊ အုံအက်နဲ့ သိမ်ကုန်းကျေးရွာတွေက ခံခဲ့ရတာပါ။

မြေပိပြီး ပျောက်ဆုံးနေတဲ့ ကုန်းစောင်းရွာသူ ဒေါ်ခင်သား ကိုတော့ ရှာဖွေနေရဆဲဖြစ်တယ်လို့ သမက်ဖြစ်သူ ကုန်းစောင်းကျေးရွာသားက ပြောပါတယ်။

“ပထမဆုံး နုန်းတိုးတယ်၊ ရေမပါလာဘူးလို့ ယောက္ခထီးက ပြောတယ်။ နုန်းနဲ့ ရေနဲ့ ထူပျစ်ပျစ် လုံးချတာတဲ့။ ယောက္ခထီးက နုန်းထဲကို ပေါ်လိုက် မြုပ်လိုက်။ အဲဒါကို ယောက်ဖနဲ့ ယောက္ခထီးက သစ်ပင်ပေါ်ပါသွားတယ်။ ယောက္ခထီးနဲ့ ယောက်ဖနဲ့ အသက်ရှင်လာတယ်။ အခုဆုံးတာ ယောက္ခမနဲ့ ခယ်မနဲ့။ ယောက္ခမက မတွေ့သေးဘူး။”

မြေပြိုပြီးတဲ့နောက် ကုန်းစောင်းကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ ချောင်းဟာ ရေပြင်ကျယ်ကြီး ဖြစ်သွားပြီး လူနေအိမ်တွေကို တိုက်စားပြီးတဲ့နောက် ရွာထဲမှာ  ကျောက်တုံးတွေ၊ သစ်လုံးတွေနဲ့ အပြည့်တင်ကျန်ရစ်ခဲ့ပါတယ်။

တောင်ကျရေနဲ့အတူ ပါလာတဲ့ နုန်းမြေတွေ၊ ကျောက်တုံးကြီးတွေနဲ့ သစ်ပင်ကြီးတွေဟာ  ပင်စိမ်းပင်၊ ကုန်းစောင်း၊ အုံအက် ကျေးရွာ ရှိနေအိမ် ၃၄ လုံးကို ပျက်စီးစေခဲ့ပြီး ဝမ်းစာစပါး၊ အစေ့ထုတ်ပြောင်းနဲ့ ဖူးစားပြောင်းစိုက်ခင်း အများပြားကို ပျက်စီးစေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သိမ်ကုန်း၊ ကုန်းစောင်း၊ ပင်စိမ်းပင်အထက်ရှိ ပန်းစစ်နဲ့ ကြံခင်းမြောင် ကျေးရွာတွေမှာ လမ်းပျက်သွားပြီးတဲ့နောက် အဆက်သွယ်မရ ဖြစ်နေပါတယ်။

ပင်းတယမြို့ဟာ ပြည်တွင်းပြည်ပ ခရီးသွားတွေ သွားရောက်လည်ပတ်ကြတဲ့ ခရီးသွားမြို့ ဖြစ်ပါတယ်။

အထူးသဖြင့် ရှမ်းပြည်‌တောင်ပိုင်းဒေသရဲ့ ပြည်တွင်းဘုရားဖူးခရီးစဥ်တွေမှာ ထင်ရှားတဲ့ ဒေသတခု ဖြစ်ပါတယ်။

ပင်းတယဒေသရဲ့ တောင်ကုန်း၊ တောင်တန်းတွေပေါ်က စိုက်ခင်းတွေဟာ နာမည်ကျော်ကြားလှပါတယ်။

အခုလို မိုးရာသီမှာ တောင်ခိုးတွေဝေနေတဲ့ ပင်းတယတောင်တန်းဟာ သာယာလှပခဲ့ပေမဲ့ အခုချိန်မှာတော့ မသာယာနိုင်တော့ပုံကို ကုန်းစောင်းရွာသူက ပြောပါတယ်။

“အခုဆို ဘယ်လိုမြင်တုန်းဆို ရွာပြန်သွားရင်ကို သင်္ချိုင်းတခုလိုပဲ မြင်တယ်။ အဲလိုအသိထိ ဖြစ်သွားပြီ။ ရွာပြန်သွားလည်း မနွေးထွေးတော့ဘူး။ တအားချောက်ချားစရာ ကောင်းတယ်။ အရင်တုန်းကတော့ ကိုယ့်ရွာဆိုတာ သဘာဝအလှနဲ့ တည်ရှိတယ်။ အခုပြန်သွားတော့ ရွာမဟုတ်တော့ဘူးလေ၊ ရေချောင်းတွေဖြစ်ကုန်ပြီလေ။”

တောင်ပြိုတဲ့ ညသန်းခေါင်ယံမတိုင်ခင် ည ၁၀ နာရီခွဲခန့်မှာ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကုန်းစောင်းရွာခံတွေ သိရှိခဲ့တယ်လို့ ဆိုပါတယ်။

ပင်းတယဒေသမှာ တရားမဝင် တောင်ပေါ်သစ်ခုတ်လုပ်ငန်းတွေ များပြားလာလို့ ကျေးရွာတွင်းက ရေထွက်တွေ ပျောက်လာသလို ရာသီဥတုပြောင်းလဲလာပြီး မိုးရေချိန် များလာတာက တောင်ပြိုစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

တောင်ပြိုပြီးတဲ့နောက် ကြံခင်းမြောင်ကျေးရွာအထိ ခက်ခက်ခဲခဲ သွားရောက်ကြည့်ရှုခဲ့တဲ့ သိမ်ကုန်းကျေးရွာသားတယောက်ကတော့ တောင်တွေဟာ နိမ့်ဆင်းလာပြီး ထပ်ပြီး ပြိုလာနိုင်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ ခြေကျင်ပဲ လမ်းလျှောက်တက်သွားတာ။ လမ်းလျှောက်တက်ရတာ လွယ်တော့ သိပ်မလွယ်သေးပါဘူး။ အဲဒီတောင်က ဗြန့်လိုင်းကျလာတာဖြစ်တဲ့အတွက် ထပ်ပြိုဦးမယ့် အင်အား အများကြီးရှိသေးတယ်။ တောင်က ချောင်းပုံစံ သွားမယ့်ပုံ ရှိနေတာ၊ အနေအထားက။”

ပင်းတယဒေသဟာ ပြီးခဲ့တဲ့ မတ် ၂၈ ရက် စစ်ကိုင်းငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရပြီး ငလျင်ကြောင့် ပြိုပျက်ခဲ့တဲ့ မြို့ထဲက စေတီကြီး၊ ကန်ထောင့်စေတီနဲ့ တခြား ရှေးဘုရားတွေ ပြိုကျခဲ့တာကို အခုတိုင် တွေ့ရတာဖြစ်ပါတယ်။

လတ်တလောမှာ တောင်ပြိုရာ လမ်းကြောင်းတလျှောက်က အထိခိုက်ဆုံးဖြစ်တဲ့ ကုန်းစောင်းကျေးရွာ ရွှေ့ပြောင်းဖို့ ဆွေးနွေးနေကြပြီး ကျေးရွာသားတွေမှာတော့ စားဝတ်နေရေးနဲ့ အသက်မွေးလုပ်ငန်းဖြစ်တဲ့ သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အကူအညီတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013