
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် လင်းလေအင်းကျေးရွာက ဒေသအခေါ် “မြေမှို” ကို ကြော်ချက်စားသုံးပြီးနောက် လူ ၇ ယောက် အစာအဆိပ်သင့်ကာ ဆေးရုံကို အရေးပေါ် တက်ရောက်ကုသခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၇ ရက် ညပိုင်းမှာ ဖြစ်ပွားခဲ့ပြီး အဆိုပါမှိုတွေကို ကျေးရွာအတွင်းရှိ လက်ဖက်ခင်းထဲကနေ ကောက်ယူပြီး ကြော်ချက်စားသုံးခဲ့ကြရာ စားသုံးပြီးနောက် ချွေးထွက်တာ၊ အော့အန်တာ၊ အမြင်မှုန်ဝါးတာ၊ ဗိုက်နာတာနဲ့ ဝမ်းလျှောတာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အရင်နှစ်တွေက ဒီလိုမြေမှိုမျိုးတွေ ထွက်ရင် ဒေသခံတွေက ကောက်ယူ စားသုံးကြတာ ရှိပါတယ်။ အခုနောက်ပိုင်း မြေအနေအထားနဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ပြောင်းလဲလာတာကြောင့် အရင်က စားလို့ရတယ်လို့ သိထားတဲ့ မှိုမျိုးတွေတောင် အဆိပ်အတောက် ဖြစ်လာနိုင်မလားဆိုပြီး စိုးရိမ်နေကြပါတယ်။ ဒါကြောင့် မှိုအမျိုးအစားကို သေချာမခွဲခြားနိုင်ရင် မစားတာက ပိုလုံခြုံပါတယ်” လို့ ပြောပါတယ်။
အစာအဆိပ်သင့်သူ ၇ ယောက်ထဲမှာ အသက် ၃ နှစ်နဲ့ ၉ နှစ်အရွယ် ကလေး ၂ ယောက်လည်း ပါဝင်ပြီး ရောဂါလက္ခဏာတွေ ပြင်းထန်လာတာကြောင့် ပင်းတယ ပြည်သူ့ဆေးရုံကို အရေးပေါ်ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ရပါတယ်။
မိုးရာသီအတွင်း ပင်းတယဒေသမှာ မှိုများပြားစွာ ထွက်ပေါ်လေ့ရှိပြီး စားသုံးနိုင်တဲ့မှိုနဲ့ အဆိပ်ရှိတဲ့မှိုတွေ ပုံစံဆင်တူတာကြောင့် အမျိုးအစား သေချာမသိတဲ့ မှိုတွေကို မစားသုံးကြဖို့ ဒေသခံတွေက သတိပေးထားပါတယ်။
Photo: ရွာခံတဦး










