
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာမှာရှိတဲ့ ပေါက်စိမ်းသာမဏေကျော် စာသင်တိုက်မှာ ဩဂုတ် ၂၆ ရက် ဒီကနေ့မနက် ၉ နာရီက အရုဏ်ဆွမ်းစားပြီးနောက် ကိုရင်လေး အပါး ၇၀ ကျော် အစာအဆိပ်သင့်ကာ ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၇ နာရီက ပေါက်စိမ်းသာမဏေစာသင်တိုက်မှာ ဆရာတော်တွေနဲ့ ကိုရင်လေးတွေ ဆွမ်းဘုန်းပေးပြီးနောက် ကိုရင်လေးတွေ မူးမေ့အော့အန်ခဲ့တဲ့အတွက် ဆေးရုံတင်ရတာလို့ ဆရာဒါယကာတယောက်က ပြောပါတယ်။
“အရုဏ်ဆွမ်းက လက်ဖက်ထမင်း၊ ငါးဖယ်သုပ်၊ ငရုတ်သီးကြော်နဲ့ အရည်ဟင်းတမျိုး ကပ်တာပါ။ ဘာကြောင့် အစာအဆိပ်သင့်လဲတော့ မသိဘူး။ စာသင်တိုက်ဆိုတော့ ကိုရင်လေးတွေ အများဖြစ်တာ၊ ကိုရင်လေး ၇၆ ပါး စိုးရိမ်ရတဲ့အခြေအနေတော့ မရှိပါဘူး။”
အစာအဆိပ်သင့်တဲ့ ကိုရင်လေး ၇၆ ပါးကို လူမှုကူညီရေးအသင်းတွေက မန္တလေးဆေးရုံကြီးနဲ့ အုန်းချောဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။
ပေါက်စိမ်းရှင်သာမဏေစာသင်တိုက်မှာ စာချကိုယ်တော် ၇ ပါးနဲ့ စာသင်သားကိုရင် ၁၅၈ ပါး စုစုပေါင်း ၁၆၅ ပါး သီတင်းသုံးတယ်လို့ သိရပါတယ်။
ဇွန် ၉ ရက် ည ၉ နာရီကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့၊ အမှတ် ၆ ရပ်ကွက်ရှိ မေဃဝတီ စာသင်တိုက်မှာ သီတင်းသုံးနေတဲ့ ကိုရင် ၁၃ ပါးမှာ တရုတ်နိုင်ငံထုတ် အစပ်ပြားတွေ စားရာကနေ အစာအဆိပ်သင့်ပြီး ဆေးရုံတင်ခဲ့ရပါတယ်။











