
တရုတ်နိုင်ငံ၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဂျီရုန်းခရိုင်ရှိ ဂျီရုန်းဆိပ်ကမ်းမှာ နီပေါဘက်ခြမ်း ရေခဲမြစ်ပြိုကျမှုကြောင့် ဖြစ်ပွားခဲ့တဲ့ မြေပြိုရေလျှံမှုအတွင်း ဩဂုတ် ၂၉ ရက် မနက် ၁ နာရီအထိ စာရင်းတွေအရ သေဆုံးသူ ၇ ယောက်အထိ ရှိလာပြီး ၅၅၄ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ကာ ဒေသခံ ၂ ယောက်ကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
တရုတ်အစိုးရက သဘာဝအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူ ၈၆ ယောက် အပါအဝင် ကယ်ဆယ်ရေးဝန်ထမ်း စုစုပေါင်း ၂,၁၄၁ ယောက်ကို အခင်းဖြစ်ပွားရာဆီ စေလွှတ်ထားပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြေတူးမြေကော်စက်၊ ဘူလ်ဒိုဇာစက်တွေနဲ့ ပိတ်ဆို့နေတဲ့ လမ်းတွေ၊ မြစ်ကမ်းပါးတွေကို ရှင်းလင်းနေကြသလို ပျက်စီးနေတဲ့ ရွှံ့နွံတွေ၊ ကျောက်တုံးကြီးတွေနဲ့ ယာဉ်တွေကြားထဲ အသက်ရှင်ကျန်ရစ်သူတွေကို အထူးကိရိယာတွေနဲ့ ရှာဖွေစစ်ဆေးနေကြပါတယ်။
လက်ရှိမှာတော့ ၁ ဒသမ ၀၂ ကီလိုမီတာ ရှည်တဲ့ လမ်းပိုင်းကို ရှင်းလင်းပြီး သွားလာလို့ရအောင် ပြန်ဖွင့်ပေးထားနိုင်ပါပြီ။
ဖျူယဲပူဆန်ပိုမြစ်ကြောင်းမှာ ပိတ်ဆို့ဖြစ်ပေါ်နေတဲ့ ရေအိုင် သေးငယ်သွားတာကြောင့် နောက်ထပ် ရုတ်တရက် ရေကြီးနိုင်ခြေ အနည်းငယ် လျော့ကျသွားပြီလို့ တရုတ် အာဏာပိုင်တွေက ဆိုပါတယ်။
ဒါပေမဲ့ မနေ့က ရေလျှံကျမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ခဏရပ်ဆိုင်းခဲ့ရသလို ရေခဲမြစ်အနီးမှာ ဖြစ်ပေါ်နေတဲ့ ဒုတိယမြောက် ရေအိုင်တခုဟာလည်း နောက်ဆက်တွဲ ရေကြီးမှု ဘေးအန္တရာယ် ဖြစ်နိုင်ခြေ ရှိနေသေးတာကြောင့် လူ ၅ ယောက်ပါ စောင့်ကြည့်ရေးစခန်း စိုက်ထူပြီး မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။
တရုတ်-နီပေါ နယ်စပ်အနားမှာ ရေခဲမြစ်ပြိုကျပြီးတဲ့နောက် ဖြစ်လာတဲ့ တောင်ပြိုရေကန်ရဲ့ ခြိမ်းခြောက်မှုက လျော့ပါးသွားပြီလို့ တရုတ်အာဏာပိုင်တွေကပြောပါတယ်။
ကန်ရဲ့ ဧရိယာက ကျုံ့သွားပုံရတယ်လို့လည်း ပြောပါတယ်။ သြဂုတ် ၂၇ ရက်ကနေ ၂၉ ရက်မနက်အထိ ဂြိုဟ်တုပုံရိပ်တွေအရ တရုတ်နိုင်ငံ တိဘက်ဒေသနဲ့ နီပေါနိုင်ငံအကြား မြစ် ၂ စင်းဆုံရာ နယ်စပ်မှာရှိတဲ့ ရေကန်ထဲကရေက တဖြည်းဖြည်း စီးဆင်းလာပြီး ရေလှောင်ကန် ဧရိယာကို တဖြည်းဖြည်း လျော့ကျစေခဲ့တယ်လို့ ရေအရင်းအမြစ်ဝန်ကြီးဌာနကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြခဲ့ပါတယ်။
စနေနေ့မွန်းလွဲပိုင်းမှာ ရေကန်ကြမ်းပြင်ရဲ့ အစိတ်အပိုင်းတချို့ကို မြင်တွေ့ရတယ်လို့ CCTV က ကြေညာပါတယ်။
သြဂုတ် ၂၆ ရက်က ရေခဲမြစ်ပြိုကျလို့ ကျောက်တုံးတွေ၊ ရေခဲတွေ၊ ရွှံ့တွေနဲ့ အပျက်အစီးတွေက ဟိမဝန္တာမြစ်စနစ်တွေကို ဖြတ်သန်းစီးဆင်းခဲ့ပြီး တိဘက်နဲ့ နီပေါနိုင်ငံကို ဆက်သွယ်ထားတဲ့ နယ်စပ် အဆောက်အအုံကို လွှမ်းမိုးသွားခဲ့လို့ လူရာပေါင်းများစွာ သေဆုံးပြီး ထောင်ချီ ဆုံးနေခဲ့ပါတယ်။
စနေနေ့မနက်မှာ မိုးရွာသွန်းမှုအခြေအနေ ဆိုးရွားနေချိန်မှာ ကယ်ဆယ်ရေးလုပ်သား ၅၀ ကျော်က ကျောက်တုံးကြီးတွေနဲ့ ရွှံ့နွံတွေကြားမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေတယ်လို့ CCTV သတင်းမှာ ဖော်ပြပါတယ်။
Source: Reuters











