
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဒီနေ့ ဩဂုတ် ၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကမ်းပါးပြိုကျကာ လူနေအိမ်တွေအတွင်း သဲမြေစာတွေ ဝင်ရောက်ခဲ့ပြီး အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။
မိုးကုတ်မြို့နယ်၊ ကျပ်ပြင်အနောက်ပိုင်းရှိ ပန်းမပတ္တမြားသျှို ရပ်ကွက်နဲ့ အောင်သစ်လွင် ရပ်ကွက်တို့မှာ မိုးဆက်တိုက် သည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် တောင်ကမ်းပါး ပြိုကျခဲ့တာပါ။
အဆိုပါ တောင်ပြိုမှုကြောင့် လူနေအိမ်တွေအတွင်း မြေစာတွေ ဝင်ရောက်ဖုံးလွှမ်းခဲ့ပြီး အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တဲ့အတွက် မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသပေးထားရတယ်လို့ သိရပါတယ်။
တောင်ပြိုမှု ဖြစ်ပွားပြီးနောက် မိုးကုတ်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကူညီရေးအဖွဲ့တွေ သွားရောက်ကာ မြေစာတွေ ဖယ်ရှားရှင်းလင်းတာနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။
မိုးကုတ်မြို့နယ်ဟာ တောင်ပေါ်ဒေသဖြစ်ပြီး မိုးရာသီကာလ မိုးသည်းထန်စွာ ရွာသွန်းတိုင်း တောင်ပြိုမှုနဲ့ မြေပြိုမှုအန္တရာယ် ခဏခဏ ကြုံတွေ့ရလေ့ရှိပါတယ်။










