DVB Logo
Home
မြန်မာသတင်း
စည်းကြပ်ခွန်နှုန်းသစ် ထရမ့်ပ်ထုတ်ပြန်၊ မြန်မာက အခြားအာဆီယံနိုင်ငံများထက် ၂ ဆ ပိုကျသင့်
DVB
·
August 1, 2025
စည်းကြပ်ခွန်နှုန်းသစ် ထရမ့်ပ်ထုတ်ပြန်၊ မြန်မာက အခြားအာဆီယံနိုင်ငံများထက် ၂ ဆ ပိုကျသင့်
Donate to DVB

အမေရိကန်ကိုတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အခွန်စည်းကြပ်မယ့် ပမာဏကို နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ ထပ်မံပြင်ဆင်ခဲ့ရာမှာ အာဆီယံနိုင်ငံတွေထဲမှာ အများစုဟာ ၂၀ ရာခိုင်နှုန်းဝန်းကျင်သာ ကျသင့်တော့မှာဖြစ်ပေမဲ့ မြန်မာနိုင်ငံကိုတော့ ၄၀ ရာခိုင်နှုန်းအထိ ကောက်ခံမှာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံအပေါ် ၁၀ ကနေ ၂၀ ရာခိုင်နှုန်းပဲ ဖြေလျှော့ ကောက်ခံပေးဖို့၊ အပြန်အလှန်အနေနဲ့ အမေရိကန်ပို့ကုန်တွေ အပေါ်မှာလည်း ၀ ကနေ ၁၀ ရာခိုင်နှုန်းပဲ ကောက်ခံမယ်လို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

အပစ်ရပ်လိုက်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားအပေါ် ၁၉ ရာခိုင်နှုန်းစီပဲ ကောက်မယ်လို့ လျှော့ချပေးခဲ့ပါတယ်။

ဘရာဇီးကုန်စည်အချို့ကို နိုင်ငံရေးအရ ဖိအားပေးမှုအဖြစ် ၄၀ ရာခိုင်နှုန်း ထပ်ဆောင်းကောက်တာ၊ ပါလက်စတိုင်းကို အသိအမှတ်ပြုမယ်ဆိုတဲ့ ကနေဒါကို ၁၀ ရာခိုင်နှုန်းထပ်တိုးပြီး ၃၅ ရာခိုင်နှုန်းအထိ ကောက်တာတွေကတော့ ထူးခြားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်တဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်အရ အခွန်နှုန်းပိုမြင့်မယ့် နိုင်ငံ ၉၂ နိုင်ငံကလွဲပြီး ကမ္ဘာ့နိုင်ငံအားလုံးက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ၁၀ ရာခိုင်နှုန်း ပုံသေစည်းကြပ်ခွန် ကောက်ခံသွားမယ်လို့ သိရပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေရဖို့ ထရမ့်ပ် သတ်မှတ်ထားတဲ့ သြဂုတ် ၁ ရက် နောက်ဆုံးရက်မတိုင်ခင်မှာ အခုလို နောက်ဆုံးမွမ်းမံထားတဲ့စာရင်းကို ထပ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမိန့်အရ အမေရိကန်ကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် ၁၀ ရာခိုင်နှုန်းကနေ ၄၁ ရာခိုင်နှုန်း အထိ အခွန်အမျိုးမျိုး ကွဲပြားနေမှာ ဖြစ်ပါတယ်။

အိန္ဒိယကို ၂၅ ရာခိုင်နှုန်း၊ ထိုင်ဝမ်ကို ၂၀ ရာခိုင်နှုန်း၊ တောင်အာဖရိကကို ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ မက္ကဆီကို ကိုတော့  နောက်ဆုံးသတ်မှတ်ရက်ကို  နောက်ထပ် ရက် ၉၀ တိုးပေးခဲ့ပါတယ်။

ဘရာဇီးရဲ့ အခွန်နှုန်းကိုတော့ ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားပေမဲ့ ၂၀၂၂ ရွေးကောက်ပွဲအပြီး အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတဟောင်း ဘော်လ်ဆိုနာရိုကို  တရားစွဲဆိုခဲ့တဲ့အပေါ် အပြစ်ပေးတဲ့အနေနဲ့ ထပ်တိုး ၄၀ ရာခိုင်နှုန်း ကောက်ခံထားတဲ့အတွက် အချို့ကုန်စည်တွေဟာ ၅၀ ရာခိုင်နှုန်းအထိ ချမှတ်ခံရမှာဖြစ်ပြီး အများဆုံးဖြစ်နေပါတယ်။ ဒါပေမဲ့ ကော်ဖီနဲ့ အမဲသားလို အဓိကပို့ကုန် ၈ မျိုးကိုတော့ ၁၀ ရာခိုင်နှုန်းပဲ ကောက်မှာဖြစ်ပါတယ်။

ကနေဒါကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို လက်ရှိ ၂၅ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်း အခွန်ကောက်ခံသွားမယ်လို့ အိမ်ဖြူတော်က ကြေညာပါတယ်။

ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုဖို့ ကနေဒါအစိုးရရဲ့ လုပ်ဆောင်ချက်ကြောင့် ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ “သိပ်ကို ခက်ခဲသွားလိမ့်မယ်” လို့ ထရမ့်ပ်က ဗုဒ္ဓဟူးနေ့တုန်းက ခြိမ်းခြောက်ခဲ့ပါတယ်။

ကမ္ဘာ့အဆင်းရဲဆုံးနဲ့ စစ်ဒဏ်သင့်နိုင်ငံတချို့ကိုလည်း အခွန်နှုန်းမြင့်တွေ သတ်မှတ်ခဲ့ပြီး အဲဒီထဲမှာ ဆီးရီးယားက ၄၁ ရာခိုင်နှုန်း၊ လာအိုနဲ့ မြန်မာက ၄၀ ရာခိုင်နှုန်း၊ လစ်ဗျားက ၃၀ ရာခိုင်နှုန်း၊ အီရတ်က ၃၅ ရာခိုင်နှုန်းနဲ့ သီရိလင်္ကာက ၂၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံကတော့ ၃၉ ရာခိုင်နှုန်း အခွန်နှုန်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီအခွန်နှုန်းတွေဟာ နောက် ၇ ရက်အတွင်း အသက်ဝင်မှာ ဖြစ်ပါတယ်။ 

ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ထရမ့်ပ်ဖိအားကြောင့် အပစ်အခတ်ရပ်စဲပြီးတဲ့နောက်မှာ မူလလျာထားနှုန်းထားတွေထက် လျော့ပြီးတော့ ၁၉ ရာခိုင်နှုန်းစီ ကောက်ခံဖို့ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ ဗီယက်နမ်က ၂၀ ရာခိုင်နှုန်းနဲ့ အင်ဒိုနီးရှားက ၁၉ ရာခိုင်နှုန်း အသီးသီး ညှိနှိုင်းနိုင်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

တရုတ်နိုင်ငံက ပို့ကုန်တွေကို စည်းကြပ်ဖို့ကတော့ သီးခြားနောက်ဆုံးရက် သြဂုတ် ၁၂ ရက်နေ့ နောက်ဆုံးသတ်မှတ်ထားပါတယ်။

အခြေခံအားဖြင့် ယာယီသဘောတူညီချက်တရပ် ရထားပေမဲ့ အိမ်ဖြူတော်ကတော့ အတည်မပြုသေးပါဘူး။

ဇူလိုင် ၃၁ ရက်အထိ အိမ်ဖြူတော်နဲ့ တရားဝင် သဘောတူညီချက် ရထားတာက ဗြိတိန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ဂျပန်၊ ပါကစ္စတန်နဲ့ ဥရောပသမဂ္ဂ (EU) ဆိုပြီး နိုင်ငံနဲ့ အဖွဲ့အစည်းပေါင်း ၈ ခုပဲ ရှိပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013