
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်တွေကို ဖေဖော်ဝါရီလထဲမှာ တရားရုံးချုပ်က ပယ်ဖျက်ခဲ့အပြီးမှာ ဒေါ်လာဘီလီယံနဲ့ချီပြီး အခွန်ပြန်အမ်းမှု စတင်နေပြီဖြစ်ပါတယ်။
ဒါဟာ သမိုင်းမှာ အကြီးမားဆုံး ပြန်အမ်းမှု အစီအစဉ် ဖြစ်လာမှာဖြစ်ပြီး ကုမ္ပဏီတွေဟာ သူတို့ဆီက ကောက်ခဲ့တဲ့ စည်းကြပ်ခွန်နဲ့အတူ အတိုးပါ ပြန်ရနိုင်ဖို့ အွန်လိုင်းကတဆင့် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
အစိုးရက ကောက်ယူခဲ့တဲ့ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၆၀ ကျော် ပြန်အမ်းဖို့ အမေရိကန် နိုင်ငံတကာ ကုန်သွယ်ရေးတရားရုံးက အကောက်ခွန်အရာရှိတွေကို ညွှန်ကြားထားပါတယ်။
စည်းကြပ်ခွန်ကို သက်ဆိုင်ရာနိုင်ငံက ပေးရတာမဟုတ်ဘဲ ပစ္စည်းတင်သွင်းသူက ပေးရတာဖြစ်လို့ သွင်းကုန်တင်သွင်းသူ ၃၃၀,၀၀၀ လောက် ပိုက်ဆံပြန်ရဖို့ ရှိနေပါတယ်။
အခွန်ပြန်အမ်းဖို့ လျှောက်ထားရမဲ့ အွန်လိုင်းဝက်ဘ်ဆိုက်ကို ဧပြီ ၂၀ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ လျှောက်ထားတဲ့ လုပ်ငန်းရှင်တချို့ အဆင်ပြေပေမဲ့ တချို့ကတော့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
သွယ်ဝိုက်တဲ့နည်းနဲ့ စည်းကြပ်ခွန်ကြောင့် စျေးကြီးပေးခဲ့ရတဲ့ တယောက်ချင်း စားသုံးသူ/သုံးစွဲသူ တွေကတော့ ဒီအစီအစဉ်ကနေ အခွန်ပြန်ရမှာ မဟုတ်ပါဘူး။
ဒါကြောင့် စားသုံးသူ/သုံးစွဲသူတွေက သူတို့လည်း ပြန်ရသင့်တယ်ဆိုပြီး ကုမ္ပဏီတွေကို တရားစွဲဆိုတာတွေ ရှိနေပါတယ်။
ဒါပေမဲ့ ပြန်ရမဲ့ငွေတွေကို စားသုံးသူ/သုံးစွဲသူတွေ ရမှာမဟုတ်ဘူးလို့ ထရမ့်ပ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောထားပါတယ်။
Source: Reuters










