DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းနှင့် စစ်တွေတွင် စစ်တပ်က အင်အားအလုံးအရင်း ဖြည့်တင်းနေ
DVB
·
July 31, 2025
ပုဏ္ဏားကျွန်းနှင့် စစ်တွေတွင် စစ်တပ်က အင်အားအလုံးအရင်း ဖြည့်တင်းနေ
Donate to DVB

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က စစ်ကောင်စီရဲ့ တပ်စခန်းတွေမှာ ဇူလိုင်လ တတိယအပတ်ကစပြီး စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ အမြင့်ကျွန်း၊ ဇော်မဒတ်၊ ရာတန်၊ ကံကော်ကျွန်း စတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေမှာ ဇူလိုင် ၂၂ ရက်ကစပြီး အင်အားဖြည့်တင်းနေသလို ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့ကိုလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတဲ့အတွက် ဒေသခံအချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရေးအခြေအနေကို သိရှိသူ အမျိုးသားတယောက်က ပြောပါတယ်။

“စစ်ကောင်စီက ပုဏ္ဏားကျွန်းနဲ့ ထိစပ်နေတဲ့ စစ်စခန်းတွေမှာ ဇူလိုင် ၂၂ ရက်လောက်ကတည်းက အင်အားတွေ အလုံးအရင်းနဲ့ ဖြည့်တင်းနေတာတွေ ရှိတယ်။ အဲဒီစခန်းတွေပဲ ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့နယ်အစပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်လာတယ်။ အဲဒီလိုပစ်ခတ်လို့ ဒေသခံတချို့လည်း မိုးတွင်းမှာ ဘေးလွတ်ရာကို ရွှေ့ပြောင်းမှုတွေ လုပ်နေကြရတယ်။”

စစ်ကောင်စီက စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ ဝါဘို၊ စပါးထား၊ ကွမ်းတောင်၊ အိုင်ဒင် စတဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်နေပြီး အဲဒီလို ပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့အတွက် အိုင်ဒင်၊ ကွန်းတောင်၊ ပဒေသာ၊ ကျွဲထိုး၊ ငှက်ကြီးကျွန်း စတဲ့ ကျေးရွာတွေက ဒေသခံတချို့ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက စစ်တွေမြို့နယ်အစပ်က တပ်စခန်းတွေကို အင်အားဖြည့်တင်းလာတာဟာ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်တွေ မရောက်လာနိုင်အောင် ခံစစ်ပြုလုပ်ထားတာ ဖြစ်သလို ရွေးကောက်ပွဲအတွက် စစ်တွေမြို့ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်တာလည်း ဖြစ်နိုင်တယ်လို့ ရခိုင်စစ်ရေး စောင့်ကြည့်နေသူတယောက်က ပြောပါတယ်။

“စစ်ကောင်စီက စစ်တွေမြို့နယ်အစပ်က တပ်စခန်းတွေမှာ အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းနေတာဟာ ပထမတချက် စစ်တွေမြို့ကို AA ရဲ့ ထိုးစစ်တွေ အလွယ်တကူ မထိုးဖောက်နိုင်အောင် ပြုလုပ်တာဖြစ်တယ်။ နောက်တချက်က ရွေးကောက်ပွဲက ၅ လ ဝန်းကျင်ပဲ လိုတော့တယ်ဆိုတော့ ပြည်နယ်မြို့တော်မှာ လုံလုံခြုံခြုံနဲ့ ရွေးကောက်ပွဲလုပ်နိုင်တယ် ဆိုတာကို ပြသချင်တာလည်း ဖြစ်နိုင်တယ်။”

စစ်တွေမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ မတ်လကုန်အထိ နှစ်ဖက် လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြတာတွေ ရှိကြပြီး မတ်လကုန်ကတည်းက နှစ်ဖက်ပစ်ခတ်မှုတွေ ရပ်စဲနေကြတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုလောက်ကိုသာ ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး လက်ရှိမှာ ကျောက်ဖြူနဲ့ စစ်တွေ မြို့နယ်နှစ်ခုမှာ စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013