
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်က စက်စက်ယိုကျေးရွာအနီး ပုသိမ်-မုံရွာလမ်းပေါ်မှာ ပြည်သူတွေဆီက ငွေကြေးနဲ့ ပစ္စည်းတွေကို အတင်းအဓမ္မ လုယက်ယူဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၄ ရက် မနက် ၉ နာရီခန့်က ဒေါင့်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်သားတွေဟာ စက်စက်ယိုကျေးရွာအနီး ပုသိမ်-မုံရွာလမ်းပေါ်ကို ထွက်လာပြီး ပြည်သူတွေရဲ့ ဆိုင်ကယ်နဲ့ ကားတွေကို တားဆီးစစ်ဆေးကာ ငွေကြေးနဲ့ ပစ္စည်းတွေကို အတင်းအဓမ္မ လုယက်ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတစ်ယောက်က “ဒေါင့်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်က အပြင်ထွက်ပြီး လမ်းပေါ်မှာ ပြည်သူတွေရဲ့ ဆိုင်ကယ်နဲ့ ကားတွေကို တားဆီးစစ်ဆေးတာတွေ လုပ်တယ်။ ငွေ၊ ဖုန်းနဲ့ ရွှေတွေကိုပါ အတင်းအဓမ္မ လုယက်ယူသွားတယ်”လို့ ပြောပါတယ်။
အဆိုပါ စစ်အာဏာရှင်တပ်ဟာ ဆိုင်ကယ်နဲ့ ကား ၇ စီးထံက ငွေကျပ် ၁၉ သိန်း၊ ဖုန်း ၅ လုံး၊ ရွှေတစ်ကျပ်သားခန့်၊ လက်စွပ် ၂ ကွင်းနဲ့ နားကပ် ၁ ရန်တို့ကို အတင်းအဓမ္မ လုယက် ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆိုင်ကယ် ကယ်ရီသမား ဒေသခံတစ်ယောက်က “အချင်းချင်း သတိပေးတာတွေ လုပ်နေရတယ်။ အရင်က အခုလို လုယက်တာတော့ မရှိဘူး။ ကားတွေနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းတာပဲ ရှိတာ”လို့ ပြောပါတယ်။
အဲဒီနောက် စစ်အာဏာရှင်တပ်ဟာ ပြည်သူတွေဆီက အတင်းအဓမ္မ လုယက်ယူဆောင်ထားတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို ယူပြီး ဒေါင့်ကြီးကျေးရွာဘက်ကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ စက်စက်ယိုကျေးရွာအနီး ပုသိမ်-မုံရွာလမ်းပိုင်းကို ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေ အနေနဲ့ စစ်အာဏာရှင်တပ်ရဲ့ တားဆီးစစ်ဆေးမှုနဲ့ အတင်းအဓမ္မ လုယက်မှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိထားသွားလာကြဖို့ ဒေသခံတွေက ပြောပါတယ်။











