DVB Logo
Home
နိုင်ငံတကာ
ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် ပြင်သစ်၊ ကနေဒါ အပါအဝင် ၁၅ နိုင်ငံ တောင်းဆို
DVB
·
July 31, 2025
ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် ပြင်သစ်၊ ကနေဒါ အပါအဝင် ၁၅ နိုင်ငံ တောင်းဆို
Donate to DVB

ပြင်သစ်နိုင်ငံနဲ့ တခြားနိုင်ငံ ၁၄ နိုင်ငံတို့ဟာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုဖို့ ဇူလိုင် ၂၉ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂညီလာခံမှာ “နယူးယောက်တောင်းဆိုချက်” ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယွန်းနိုဝယ်ဘာဟုက သူ့ရဲ့ လူမှုကွန်ရက်မှာ ဇူလိုင် ၃၀ ရက်က ရေးသားခဲ့ပါတယ်။

အန်ဒိုရာ၊ သြစတြေးလျ၊ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ အိုက်စလန်၊ အိုင်ယာလန်၊ လူဇင်ဘတ်၊ မော်လ်တာ၊ နယူးဇီလန်၊ နော်ဝေ၊ ပေါ်တူဂီ၊ ဆန်မာရီနို၊ စလိုဗေးနီးယားနဲ့ စပိန်နိုင်ငံတို့က နိုင်ငံခြားရေး၀န်ကြီးတွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမှုအပေါ် လိုလားမှု ဒါမှမဟုတ် အပြုသဘောဆောင်တဲ့ ထည့်သွင်းစဉ်းစားမှုကို နိုင်ငံ ၁၅ နိုင်ငံက ထုတ်ဖော်ပြောကြားခဲ့ပြီး ခေါ်ဆိုမှုမှာ ပါဝင်ဖို့ မလုပ်ဆောင်ရသေးတဲ့ ကမ္ဘာတဝန်းက နိုင်ငံတွေကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

စုပေါင်းပန်ကြားချက်တွေက “၂ နိုင်ငံဖြေရှင်းချက်” ကို ထောက်ခံရင်း ချက်ချင်း အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွှတ်ပေးရေးတို့ကို တောင်းဆိုခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

စက်တင်ဘာလကျရင် ပါလက်စတိုင်းကို နိုင်ငံတခုအဖြစ် အသိအမှတ်ပြုဖို့ ကနေဒါက စီစဉ်ထားကြောင်း ဝန်ကြီးချုပ် မာ့ခ်ကာနေးက ပြောကြားခဲ့ပါတယ်။

ဒီလိုစီစဉ်တာဟာ စက်မှုအင်အင်အားကြီး G-7 နိုင်ငံတွေထဲမှာ ပြင်သစ်နဲ့ ဗြိတိန်ပြီးရင် တတိယမြောက် ဖြစ်ပါတယ်။

လာမယ့်နှစ်မှာ ဟားမတ်စ်အဖွဲ့မပါဘဲ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ရွေးကောက်ပွဲကျင်းပတာ အပါအဝင် ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ့်အပေါ်မှာ မူတည်တယ်လို့တော့ ကာနေးက မှတ်ချက်ချပါတယ််

အပစ်အခတ်ရပ်စဲရေးနဲ့ တခြားသတ်မှတ်ချက်တွေကို အစ္စရေးက သဘောမတူဘူးဆိုရင် စက်တင်ဘာလမှာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမယ်လို့ ဗြိတိန်က ကြေညာခဲ့ပြီး တရက်အကြာမှာ ကနေဒါ ကြေညာချက် ထွက်လာတာဖြစ်ပါတယ်။ ရှေ့တပတ်ကလည်း ပြင်သစ်က အလားတူ ကြေညာထားပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကနေဒါရဲ့ ကြေညာချက်ကို ပယ်ချခဲ့ပြီး ဟားမတ်စ်အဖွဲ့အတွက် ဆုလာဘ်ဖြစ်သွားမယ်လို့ ဝေဖန်ခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံမှာ ၁၄၇ နိုင်ငံက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ နောက်လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါလက်စတိုင်းနိုင်ငံကို တရားဝင် အသိအမှတ်ပြုဖို့ ကနေဒါက လုပ်ဆောင်သွားမယ်လို့ ကာနေးက အတည်ပြုပါတယ်။

အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ကျူးကျော်အိမ်ရာတွေ တည်ဆောက်တာ၊ ဂါဇာမှာ လူသားချင်းစာနာမှု အခြေအနေ ပိုဆိုးရွားလာတာ၊ ၂၀၂၃ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ခဲ့တာတွေကြောင့် ကနေဒါရဲ့ မူဝါဒ ပြောင်းလဲလာရတယ်လို့ ကာနေးက ထုတ်ပြန်ပါတယ်။

စစ်ပွဲအဆုံးသတ်ရေးနဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေး ကြိုးပမ်းမှု တစိတ်တဒေသအဖြစ် ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်အဖွဲ့ လက်နက်ဖြုတ်သိမ်းပြီး အာဏာစွန့်ဖို့ ကာတာ၊ ဆော်ဒီ၊ အီဂျစ် အပါအဝင် အာရပ်နဲ့ မွတ်စလင်နိုင်ငံ အများအပြားကလည်း ပထမဆုံးအကြိမ် ပူးတွဲတောင်းဆိုလိုက်ပါတယ်။

ဆော်ဒီအာရေဗျနဲ့ ပြင်သစ်တို့ ပူးတွဲ လက်ခံကျင်းပတဲ့ ကုလသမဂ္ဂ ကွန်ဖရင့်မှာ အဖွဲ့ဝင် ၂၂ နိုင်ငံပါ အာရပ်အဖွဲ့ချုပ်၊ အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပသမဂ္ဂနဲ့ အခြား ၁၇ နိုင်ငံဟာ ကြေညာချက်တစောင်ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂ အဆောက်အအုံမှာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲဟာ ပါလက်စတိုင်း မေးခွန်းအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းရေးနဲ့ နှစ်နိုင်ငံ အဖြေ အကောင်အထည်ပေါ်ရေး ရည်ရွယ်တာ ဖြစ်ပါတယ်။

ပါလက်စတိုင်းနယ်မြေအားလုံးမှာ အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဟာ သင့်လျော်တဲ့ နိုင်ငံတကာပံ့ပိုးမှုနဲ့အတူ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ လက်ထဲမှာပဲ ရှိရမှာဖြစ်တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာစစ်ပွဲ အဆုံးသတ်ရေးရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ဟားမတ်စ်အဖွဲ့ဟာ ဂါဇာက သူတို့ရဲ့အုပ်ချုပ်မှုကို အဆုံးသတ်ပြီး လက်နက်တွေကိုလည်း ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဆီ လွှဲပြောင်းပေးအပ်ရမယ်။

ဒီလိုလုပ်ဆောင်တာဟာ အချုပ်အခြာအာဏာပိုင်ပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံတော် ဖြစ်ပေါ်လာရေးဆိုတဲ့ ရည်မှန်းချက်နဲ့အညီ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပံ့ပိုးမှုတွေနဲ့အတူ ဖြစ်ရမယ်လို့လည်း ပါရှိပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့က အစ္စရေးကို တိုက်ခိုက်ခဲ့မှုအပေါ် ရှုတ်ချထားသလို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ဖိတ်ခေါ်ချက်အရ “ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုအောက်မှာ” “နိုင်ငံတကာ ယာယီ တည်ငြိမ်ရေးမစ်ရှင်” တခု ချထားဖို့ကိုလည်း အဆိုပြုထားပါတယ်။

ဆိုလိုတာက နိုင်ငံတကာတပ်ဖွဲ့တွေ ပါဝင်တဲ့ ကုလသမဂ္ဂတပ်ဖွဲ့လို ပုံစုံမျိုး ပါလက်စတိုင်းနယ်မြေမှာ ချထားဖို့ ဆိုလိုတာဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတချို့က တပ်ဖွဲ့ဝင်တွေနဲ့ ပါဝင်ကူညီဖို့ အသင့်ရှိကြောင်း ဖော်ပြလာတာကို ကြိုဆိုတယ်လို့လည်း ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013