
ဂွါတီမာလာစီးတီးရှိ ဈာပနအိမ်တအိမ်မှာ ဇူလိုင် ၃၀ ရက်က လက်နက်ကိုင်တိုက်ခိုက်မှုတခု အတွင်း အနည်းဆုံး လူ ၇ ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒေသခံမီဒီယာတွေရဲ့ အဆိုအရ သေဆုံးသူအားလုံးမှာ သေနတ်ဒဏ်ရာတွေ အများအပြား ရရှိထားပြီး ဒီဖြစ်ရပ်ဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်နေတဲ့ အငြင်းပွားမှုနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း အာဏာပိုင်တွေက ယူဆထားပါတယ်။
ဂွါတီမာလာစီးတီးမှာ တနင်္လာနေ့က သေဆုံးသွားတဲ့ ဘားရီယို 18 ဂိုဏ်းအဖွဲ့ဝင်တယောက်ရဲ့ အသုဘအိမ်ကို လက်နက်ကိုင်အမျိုးသားတွေက ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဖရန်စစ္စကို ဟီမန်နက်ဇ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အသုဘအိမ်ကို MS-13 မှ ပြိုင်ဘက်ဂိုဏ်းဝင်တွေက ဝင်စီးကာ သေဆုံးသူရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို ပစ်ခတ်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။
ဂွါတီမာလာမှာ ဘားရီယို 18 နဲ့ မားရား ဆာလ် ဗာထရူးချား (MS-13) ဂိုဏ်းတွေအကြား အပြိုင်အဆိုင် ပြင်းထန်လွန်းတာဟာ ဒီအမှုရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်း ဖြစ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးက ပြစ်တင်ပြောကြားခဲ့ပါတယ်။
မော်တော်ဆိုင်ကယ်နဲ့ ရောက်ရှိလာတဲ့ တိုက်ခိုက်သူတွေဟာ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားခဲ့ပါတယ်။
အလောင်းတွေကို မှုခင်းဆေးပညာအဖွဲ့တွေက ရှာဖွေဆယ်ယူနေတာကြောင့် အာဏာပိုင်တွေက အခင်းဖြစ်နေရာကို ပိတ်ဆို့ထားပါတယ်။
မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗစ်တာဂိုမက်ဇ်က အဆောက်အအုံအတွင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ လူ ၄ ယောက်ကို အရာရှိတွေက တွေ့ရှိပြီး အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စန်ထရိုအမေရိက ရိပ်သာလမ်းမကြီးတလျှောက် လူသွားစင်္ကြံမှာလည်း နောက်ထပ် သေဆုံးသူ ၂ ယောက်ရှိကြောင်း သတင်းပို့လာတယ်လို့ ဆိုပါတယ်။
အရာရှိတွေဟာ သေနတ်ပစ်ခံရတဲ့ လူနာ ၁၀ ယောက်ကို အဆင့်မြင့် အသက်ကယ်ကုသမှုတွေ လုပ်ပေးပြီး ဆန်ဟွမ်းဒေဒီးယို့စ် အထွေထွေဆေးရုံကြီးရဲ့ အရေးပေါ်ခန်းကို ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်းလည်း ပြောပါတယ်။
Source: Reuters










