DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် ရေကြီးပြီး မြန်မာ-ထိုင်း အမှတ် ၁ တံတား ယာယီပိတ်
DVB
·
July 30, 2025
မြဝတီတွင် ရေကြီးပြီး မြန်မာ-ထိုင်း အမှတ် ၁ တံတား ယာယီပိတ်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၁ တံတား ယာယီပိတ်ထားရပြီး မြို့တွင်း ရေဝင်ရောက်ပြီး ရေဘေးသင့်ပြည်သူ ၃,၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်း ၈ ခုမှာ ပြောင်းရွှေ့ခိုလှုံနေရတယ်လို့ ကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။

ဇူလိုင် ၂၈ ရက်က မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် သောင်ရင်းမြစ်ရေဟာ ရေပြည့် ရေလျှံတာတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဇူလိုင် ၃၀ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းတာချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာကို ကျော်လွန်ကာ ၁,၃၆၅ စင်တီမီတာကို ရောက်နေပါတယ်။

ရေကြီးရေလျှံတာကြောင့် အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၅ ရပ်ကွက်နဲ့ သောင်ရင်းမြစ်ကမ်းတလျှောက်က အနိမ့်ပိုင်းနေအိမ်တွေ ရေနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စု ၈၀၀ ကျော်က လူဦးရေ ၃,၀၀၀ ကျော်ဟာ ရေဘေးကယ်ဆယ်ရေစခန်းတွေမှာ ခိုလှုံနေရပါတယ်။

မြဝတီမြို့ခံတယောက်က “လက်ရှိ ကယ်ဆယ်ရေစခန်း ၈ ခုမှာ ရောက်နေတယ်။ ကျနော်တို့ အဓိက ဓမ္မာရုံတွေ ဘုန်းကြီးကျောင်းတွေမှာ အဓိကသွားကြတယ်။ ပထမအကြိမ် ရေကြီးတော့ သူတို့တွေက သူတို့အိမ်မှာ ပစ္စည်းတွေ သိမ်းဆည်းထားပြီးသား။ အောက်ထပ်ဈေးဆိုင်တွေဆို ရေပြန်ဆေးထားပြီးသားပေါ့။ ဒုတိယအကြိမ် ပြန်ကြီးတဲ့အခါကျတော့ ပထမအကြိမ်ကတည်းက ပစ္စည်းတွေ အောက်ပြန်မချရသေးတော့ သိပ်ပြီးတော့ လွယ်လွယ်ကူကူပဲဆိုတော့ အခက်အခဲက မရှိလောက်ဘူး။ စားသောက်ဖို့ အခက်အခဲလောက်ပဲ ရှိမယ်” လို့ ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေဟာ ကြခတ်တောကျောင်း၊ အဓိဋ္ဌာန်အောင် ဓမ္မာရုံ၊ ကိုးနဝင်းကျောင်း၊ ဖားခြောက်ကောင်၊ ရေပူတောင်ပေါ်ကျောင်း၊ ဟေမာန်ဦးကျောင်း၊ တောရကျောင်း၊ ဓမ္မရန်အောင်ကျောင်း စတဲ့ စခန်း ၈ ခုမှာ ပြောင်းရွှေ့ ခိုလှုံနေရပါတယ်။

မြဝတီမြို့ဟာ နှစ်စဉ် ရေကြီးနစ်မြုပ်မှုဒဏ်ကို ရင်ဆိုင်ရတာကြောင့် မြို့ခံတွေအနေနဲ့ အတွေ့အကြုံ အရ အသေအပျောက်နည်းတာဖြစ်ပေမဲ့ အရေးပေါ်ကယ်ဆယ်ရေအဖွဲ့တွေ လုံလုံလောက်လောက် ရှိစေချင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နောက်ထပ်မြို့ခံတယောက်က “ရေဘေးကယ်ဆယ်ရေးတွေက တအား အားနည်းတယ်။ နောက်ပြီးတော့ လာရင်လည်း သူ့လူနဲ့သူ ပြည့်နေတယ်။ အမတို့ဘက်ကျတော့ ကယ်ဆယ်ရေး အားနည်းတယ်။ အမတို့က အတွေ့အကြုံမရှိဘူးဆိုရင် အရမ်းအန္တရာယ်ရှိတဲ့ အနေအထားတွေ။ အမတို့မြို့က အတွေ့အကြုံရှိလို့သာ လူအသေအပျောက်နည်းတာ” လို့ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာလည်း မိုးအဆက်မပြတ်ရွာသွန်းပြီး သောင်ရင်းမြစ်ရေ လျှံတက်လာတာကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရေကြီးမှုကြောင့် အမှတ် ၁ ချစ်ကြည်ရေးတံတား အပါအဝင် သောင်ရင်းမြစ်ကမ်းတလျှောက်က အနိမ့်ပိုင်းရပ်ကွက်တွေကို ရေဝင်ရောက်ခဲ့ပါတယ်။

‌အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013