
စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့နဲ့ ဝက်လက်မြို့မှာ ဇူလိုင် ၂၈ ရက်နဲ့ ၂၉ ရက် နှစ်ရက်ဆက်တိုက် စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
မင်းကွန်းမြို့၊ ခွေးခြံရွာကနေ ထွက်လာတဲ့ အင်အား ၁၅၀ ပါရှိတဲ့ စစ်ကြောင်းကို ဇူလိုင် ၂၈ ရက်က ဝက်လက်မြို့နယ်၊ စဉ့်ကိုင်မြောက်ရွာနဲ့ တပ်ရွာကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှိန်းမကားဘက်က ထွက်လာတဲ့ အင်အား ၇၀ ပါတဲ့ စစ်ကြောင်းကိုတော့ ဇူလိုင် ၂၉ ရက်မှာ ငါးရယ်ရွာနားအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့အစေခံတော်လှန်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့က စစ်ကြောင်းလှုပ်ရှားမှုတိုင်းကို အမြဲစောင့်ကြည့်နေတာပါ။ ၂၈ ရက်နေ့မှာ မင်းကွန်းဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတုန်းမှာ ဒီဘက် ရှိန်းမကားမှာရှိတဲ့ စစ်ကောင်စီ အထိုင်စခန်းကနေ အင်အား ၇၀ လောက်က ထပ်ထွက်လာတာ။ သူတို့ စစ်ကြောင်းနှစ်ကြောင်း မဆုံခင် ကျနော်တို့က ဖြတ်တိုက်လိုက်တာ။ ၂၈ ရက်နေ့က ထွက်လာတဲ့ စစ်ကြောင်းက ၅ ယောက်၊ ၂၉ ရက်နေ့က စစ်ကြောင်းက ၂ ယောက် ထိခိုက်သွားတယ်။ ရှိန်းမကားဘက်က ရဲဘော် ကျဆုံးတာကိုတော့ သက်ဆိုင်ရာအဖွဲ့က ထုတ်ပြန်ပါလိမ့်မယ်။”
တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကြောင်း ၂ ကြောင်းစလုံး ရှေ့ဆက်မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်သွားတယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ အမှတ် ၂ ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့၊ ရွှေဘိုခရိုင် အမှတ် ၁၊ ၂၊ ၅၊ ၁၅၊ ၁၇၊ ၁၈၊ ၂၃၊ ၂၆၊ အမှတ် ၁၇၀၁ နဲ့ ၉၇၀၆ တပ်ရင်း၊ ဝက်လက်မြို့နယ် ပကဖ၊ ရှိမ်းမကားတိုက်နယ် ပကဖ၊ ဗိုလ်လင်းမြွေ LPDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီက ဝက်လက်မြို့နယ်အတွင်းကို ထပ်မံ စစ်ကြောင်းထိုးလာနိုင်တာကြောင့် ဝက်လက်မြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ဆင်ရေးအတွက် ကြိုတင်စုဖွဲ့ ပြင်ဆင်ထားသင့်တယ်လို့လည်း သတိပေးထားပါတယ်။
စစ်ကောင်စီ စစ်ကြောင်းထိုးနေတာကြောင့် ဝက်လက်မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာ ၅ ရွာထက်မနည်း စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။










