DVB Logo
Home
နိုင်ငံတကာ
‘ဒေါ်နယ်ထရမ့်ပ်’ ဟု အမည်ပြောင်ပေးထားသည့် ကျွဲဖြူ ဘင်္ဂလားဒေ့ရှ်တွင် ရေပန်းစား
DVB
·
May 22, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ‘ဒေါ်နယ်ထရမ့်ပ်’ လို့ နာမည်ပြောင်ပေးထားတဲ့ ကျွဲဖြူကြီးတကောင်ကို လူအများ စိတ်ဝင်တစား လာရောက်ဓာတ်ပုံရိုက်နေကြပြီး ကမ္ဘာ့သတင်းမီဒီယာတွေမှာလည်း ဖော်ပြနေကြပါတယ်။

ကုရ်ဘာနီ အစ်ပွဲတော် မတိုင်မီ ဒါကာမြို့အနီးရှိ မွေးမြူရေးခြံတွေမှာ ဒေါ်နယ်ထရမ့်ပ်နဲ့ ဘင်ဂျမင် နေတန်ယာဟု တို့ကို အစွဲပြုပြီး အမည်ပြောင်ပေးထားတဲ့ ကျွဲဖြူ ၂ ကောင်ကြောင့် လာကြည့်တဲ့ လူအုပ်ကြီးနဲ့ စည်ကားနေတာပါ။

ဒီကျွဲတွေဟာ အရွယ်အစားကြီးမားမှုကြောင့်တင် မဟုတ်ဘဲ ကမ္ဘာမှာ ထင်ရှားတဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့နဲ့ ဆင်တူတယ်လို့ ဒေသခံတွေက ယူဆကြတာကြောင့် ဒါကာမြို့အနီးရှိ မွေးမြူရေးခြံမှာ လူအုပ်ကြီးကို ဆွဲဆောင်ပြီး ဆဲလ်ဖီရိုက်သူတွေနဲ့ စုပြုံတိုးနေပါတယ်။

The Independent သတင်းစာရဲ့ ဖော်ပြချက်အရ ‘ဒေါ်နယ်ထရမ့်ပ်’ လို့ အမည်ပြောင်ပေးထားတဲ့ ကျွဲဖြူရဲ့ အလေးချိန်က ၇၀၀ ကီလိုဂရမ်နီးပါးရှိပြီး သူ့ရဲ့ ဖြူဖျော့တဲ့ အရေပြားနဲ့ လျှပ်စစ်မီးရောင်လို လင်းနေတဲ့ အမွေးအမှင်တွေက ဒေါ်နယ်ထရမ့်ပ်ရဲ့ ထင်ရှားတဲ့ ဆံပင်ပုံစံနဲ့ တူတယ်လို့ ဆိုပါတယ်။

ဒါကာမြို့ အရှေ့တောင်ဘက်ရှိ နာရီယန်ဂန့်ဂ်ျ၊ ပိုက်ပါရာဒေသရှိ ရာဘီယာ စိုက်ပျိုးမွေးမြူရေးခြံမှာ လာရောက်ကြည့်ရှုသူတယောက်ကတော့ ကျွဲရဲ့ ရုပ်သွင်ပြင်က ထရမ့်ပ်နဲ့ တူပေမဲ့ စိတ်နေသဘောထားကတော့ ပိုမိုတည်ငြိမ်ပြီး နူးညံ့သိမ်မွေ့ကြောင်း နောက်ပြောင်ပြောဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာ Prothom Alo မှာ ရေးပါတယ်။

ကျွဲပိုင်ရှင် ဇီရာဥဒင် မရင်ဒါက ဒေသတွင်းမီဒီယာ The Business Standard ကို ပြောကြားရာမှာ ဒီအမည်ပြောင်ကို သူ့ညီဖြစ်သူက ကျွဲရဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာကို သတိပြုမိပြီးနောက် စတင်ခေါ်ဝေါ်ခဲ့တာလို့ ပြောပါတယ်။

“ကျနော့်ညီလေးက သူ့ခေါင်းပေါ်က အမွေးတွေကို မြင်ပြီး ဒေါ်နယ်ထရမ့်ပ်လို့ နောက်ပြောင်ပြီး အမည်ပေးခဲ့တာပါ။”

တချိန်တည်းမှာပဲ နာရီယန်ဂန့်ဂ်ျဒေသမှာလည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို အစွဲပြုပြီး အမည်ပေးထားတဲ့ တခြားကျွဲတကောင်လည်း အင်တာနက်ပေါ်မှာ ရေပန်းစားနေပါတယ်။

ဒီကျွဲကတော့ ပိုမိုကြမ်းတမ်းတဲ့ စိတ်နေသဘောထားရှိပြီး အလေးချိန် ၇၅၀ ကီလိုဂရမ်ကျော်ရှိကာ ခဏခဏ နှာမှုတ်တတ်တာ၊ ထိန်းကျောင်းသူတွေကို လိုက်ဝှေ့တာနဲ့ ခန့်မှန်းရခက်တဲ့ အမူအရာတွေ ပြသလေ့ရှိတယ်လို့ ဆိုပါတယ်။

မွေးမြူရေးခြံ တာဝန်ရှိသူတယောက်ကတော့ ဒီကျွဲကို ဆိုးသွမ်းတယ်လို့ ပြောဆိုခဲ့ပြီး သူ့မှာ “ကောက်ကျစ်တဲ့ ဉာဏ်ရည်” ရှိပုံရတယ်လို့ ဆိုတဲ့အတွက် အင်တာနက်ပေါ်မှာ လူအများ စိတ်ဝင်စားမှု ပိုမိုမြင့်တက်နေပါတယ်။

လာရောက်ကြည့်ရှုသူတွေက ကျွဲကို လူကိုယ်တိုင်မြင်ရချိန်မှာ ထရမ့်ပ်နဲ့ တကယ်တူကြောင်း ပြောဆိုကြပါတယ်။

ဒေသခံ ရာဆဲလ်က “သူက တကယ်ပဲ ထရမ့်ပ်နဲ့ တူတယ်။ သူ့မျက်နှာနဲ့ ဆံပင်က သူနဲ့ အများကြီး ဆင်တူတယ်” လို့ ပြောပါတယ်။

လာရောက်ကြည့်ရှုတဲ့ အမျိုးသမီးတယောက်ကလည်း “လူကိုယ်တိုင် မြင်ရပြီးတဲ့နောက် တကယ်ပဲ ထရမ့်ပ်နဲ့ တူပါတယ်။ နာမည်က သူနဲ့ လိုက်ဖက်ပါတယ်” လို့ ပြောပါတယ်။

ခြံစောင့် ကောင်ဆာကတော့  ကျွဲဖြူကို တရက် ၄ ကြိမ် ရေချိုးပေးပြီး ပြောင်းဖူး၊ နှမ်းဖတ်၊ ဖွဲနု၊ စပါးခွံနဲ့ မြက်တွေကို ကျွေးမွေးလေ့ရှိပါတယ်။

မေ ၂၇ ရက်နေ့ စတင်မဲ့ အစ်ပွဲတော် နီးကပ်လာတာနဲ့အမျှ အဆိုပါ ကျွဲ ၂ ကောင်ဟာ ဘင်္ဂလားဒေ့ရှ်မှာ အင်တာနက် လူမှုကွန်ရက်တွေမှာ အလွန်ရေပန်းစားနေတာကြောင့် လာရောက်ကြည့်ရှုသူတွေ၊ ဓာတ်ပုံရိုက်ဖို့ လာသူတွေ ဆက်လက်စုပြုံရောက်ရှိနေကြပါတယ်။

ပိုင်ရှင်ဖြစ်သူကတော့  လူတွေရဲ့ အာရုံစိုက်မှုတွေ ဆက်တိုက်ရရှိနေတာကြောင့် သူ့ရဲ့ကျွဲဟာ  မကြာသေးမီက ကိုယ်အလေးချိန် ကျဆင်းသွားခဲ့လို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ထားရတယ်လို့ ပြောပါတယ်။

ဒီကျွဲကို တကီလိုဂရမ် တာကာငွေ ၅၅၀ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၀ ခန့်) နဲ့ ရောင်းချပြီးဖြစ်ကာ လာမဲ့အပတ်မှာ ပိုင်ရှင်အသစ်ထံ လွှဲပြောင်းပေးပို့သွားဖို့ ရှိနေပါတယ်။

Source: India Today/ Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013