DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာ ၃ သိန်းကျော် စိစစ်ပြီးဟု စစ်အာဏာရှင် ကြေညာ
DVB
·
October 26, 2026
Photo: DVB
Photo: DVB
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေး စိစစ်ရာ ၃၃၀,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေး၀န်ကြီးဌာနက ဒီကနေ့ အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ၆ သုတ်ခွဲ ပေးပို့လာတဲ့ စာရင်းအရ ၈၂၈,၈၂၄ ယောက် စာရင်းအနက် အယောက် ၄ သိန်းခွဲနီးပါးကို စိစစ်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအထဲ ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့ဖူးသူ ၃၂၆,၃၇၆ ယောက်နဲ့ အကြမ်းဖက်လုပ်ငန်းမှာ ပါဝင်ခဲ့သူ ၄,၂၅၄ ယောက်ရှိပြီး စိစစ် အတည်ပြုနိုင်ခြင်းမရှိသူ ၁၁၈,၅၆၃ ယောက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့တဲ့ ရိုဟင်ဂျာ ၈ သိန်းကျော် စာရင်းထဲမှ လူဦးရေ ၃၈၀,၀၀၀ ခန့်ကို မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူ ဟုတ်၊ မဟုတ် ဆက်လက်စိစစ်ဖို့ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကြား နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး ကတိကဝတ် ပြုထားပေမဲ့ ရခိုင်ပြည်နယ် တည်ငြိမ်လုံခြုံမှု ပြန်လည်ရရှိမှသာ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံမှာဖြစ်ကြောင်း စစ်အာဏာရှင်ဘက်က ဆိုပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ ခု ရှိတဲ့အနက် ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပြီး လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူတို့မှာ တိုက်ပွဲတွေ ဖြစ်နေတာပါ။

NLD အစိုးရလက်ထက် ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်စဉ်မတိုင်ခင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေထိုင်သူ ၇၄၀,၀၀၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ARSA တိုက်ခိုက်မှု ဖြစ်စဉ်အပြီး အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၅၄၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို နေရပ်စွန့်ခွာခဲ့ပြီး အယောက် ၂၀၀,၀၀၀ ကျော် ဆက်လက် ကျန်ရှိနေတာပါ။

စစ်အာဏာရှင်အစိုးရဘက်က ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို လက်မခံဘဲ ဘင်္ဂါလီအဖြစ်သာ လက်ခံပြီး ၁၉၈၂ နိုင်ငံသားစိစစ်ရေးဥပဒေလက်အောက်မှာ မြန်မာနိုင်ငံရှိ ဘင်္ဂါလီ ၁၃,၀၀၀ ယောက်ကို နိုင်ငံသား ပေးအပ်ခဲ့ပါတယ်။

ဒီထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၆,၂၀၀ ယောက်လောက်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိခဲ့တာပါ။

စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း တတိယကော်မတီ အစည်းအဝေးကို တင်သွင်းမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာပါ အချက်တွေကို တုံ့ပြန်ရာမှာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ စိစစ်မှုအခြေအနေကို ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းပြီး ၁ နှစ်ကြာ လေ့လာစုံစမ်းမှု ပြုလုပ်ခဲ့ပါတယ်။

အပြီးသတ် အစီရင်ခံစာထွက်ပြီးနောက် ARSA အဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရဲကင်းစခန်းတွေကို စတင်တိုက်ခိုက်ခဲ့တဲ့အတွက် အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013