
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကိုဖြတ်ပြီး ပွဲစားတွေက စစ်တပ်နဲ့ ရှမ်းနီတပ် SNA ထိန်းချုပ်ထားတဲ့ ဗန်းမောက် အနောက်ခြမ်းဒေသကို စက်သုံးဆီ ပို့ဆောင်နေတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်ထဲက အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်ဒေသ ၁ က ဂိတ်စခန်းတွေကို အခွန်ပေးဆောင်ပြီး ပွဲစားတွေ၊ လေလံအောင်သူတွေကတဆင့် ဗန်းမောက်အရှေ့ခြမ်းဘက်ကနေ အနောက်ခြမ်းဘက်ကို ပို့ဆောင်နေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အဲဒီဖြစ်စဉ်တွေက ရှိနေသေးတယ်။ အဓိက ကတော့ အမှတ် ၁ စစ်ဒေသရဲ့ ဂိတ်တွေရှိတယ်။ အဲဒီဂိတ်တွေကိုဖြတ်ပြီး အခွန်ဆောင်ပြီး သွားနေကြတာ ဟုတ်တယ်။ လောလောဆယ်ဆယ်တော့ စစ်ဒေသရဲ့ ခွင့်ပြုချက်နဲ့ သွားနေတာဟုတ်တယ်” လို့ပြောပါတယ်။
ဗန်းမောက် အနောက်ခြမ်းကို ပို့ဆောင်ဖို့အတွက် ဓာတ်ဆီနဲ့ ဒီဇယ်ဆီ တပေပါကို ကျပ် ၂ သိန်း ကနေ ၃ သိန်း ပေးပြီး ဖြတ်သန်းနေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အနောက်ဘက်ကို ပို့တဲ့ ဆီတော်တော်များများကလည်း အကုန်လုံးက ရွှေလုပ်ဖို့အတွက် များတယ်။ ပြီးတော့ SNA နဲ့ စစ်ကော်မရှင်ကော ဒီဘက်ကလာတဲ့ ဆီတွေပဲ သုံးနေတာဟုတ်တယ်” လို့ပြောပါတယ်။
လောင်စာဆီတွေကို ဗန်းမောက်အနောက်ခြမ်းကနေတဆင့် ဟုမ္မလင်း၊ နမ့်တောဘက်ခြမ်းအထိ သယ်ယူပို့ဆောင်ကြတယ်လို့လည်း သိရပါတယ်။
SNA နဲ့ စစ်ကောင်စီတပ်တွေဟာ ရွှေတူးဖော်ရေးလုပ်ငန်းတွေကနေ အခွန်အခတွေ အများအပြား ရရှိနေတာဖြစ်ပြီး လက်ရှိမှာ ဗန်းမောက်မြို့ကို SNA နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ရရှိထားပြီးနောက် တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ SNA နဲ့ စစ်ကောင်စီက အင်အားဖြည့်တင်းနေပြီး ဗန်းမောက်မြို့နယ်နဲ့ အင်းတော်မြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ ပြန်ဆင်နေတယ်လို့ သိရပါတယ်။










