
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)က ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တချို့တို့ ဇူလိုင် ၂၃ ရက်က အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ SCEF က ဇူလိုင် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဆွေးနွေးပွဲကို SCEF ဘက်က အလှည့်ကျ သဘာပတိ ခူးဦးရယ်နဲ့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ဦးဆောင်တက်ရောက်ခဲ့ကြသလို ULA/AA ဘက်က ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်တက်ရောက်ခဲ့ပါတယ်။
တွေ့ဆုံရာမှာ SCEF ဘက်က ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်တွေ၊ မူဝါဒတွေ၊ လက်ရှိပြုလုပ်နေတဲ့ အကြောင်းအရာတွေနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ အကြောင်းအရာတို့ကို အသိပေးခဲ့ပြီး အာရက္ခတပ်တော်ဘက်ကလည်း လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေ၊ ရှေ့လာမဲ့ နိုင်ငံရေးလုပ်ငန်းစဉ် လိုအပ်ချက်တွေကို ဆွေနွေးခဲ့သလို ရေဘေးသင့် ရခိုင်ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
SCEF နဲ့ ULA/AA တို့ တွေ့ဆုံမှုဟာ လက်ရှိ တော်လှန်ရေးအရွေ့ကို တစုံတရာ သက်ရောက်မှု ရှိကောင်းရှိလာနိုင်တယ်လို့ ရခိုင်နိုင်ငံရေး အကဲခတ်တယောက်က ပြောပါတယ်။
“SCEF နဲ့ ULA/AA တို့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိနေတယ်ဆိုပြီး သတင်းထုတ်ပြန်လာတာ တွေ့ရတယ်။ ဒီဟာက လက်ရှိတော်လှန်ရေးအတွက် အရမ်းကောင်းမွန်တဲ့ တွေ့ဆုံမှုလို့ မြင်တယ်။ ဘာဖြစ်လို့ လက်ရှိမှာ စစ်တပ်က နိုင်ငံတဝန်းလုံးကို ပြည်သူ့စစ်တွေနဲ့ ထိုးစစ်ဆင်ဖို့ ကြိုးပမ်းလာနေချိန်မှာ အတူတကွ စုပေါင်းပြီး တွန်းလှန်နိုင်ကြဖို့ အရမ်းအရေးကြီးတယ်။ ဒီတွေ့ဆုံမှုက သာမန် တွေ့ဆုံမှုဆိုတာထက် လက်ရှိတော်လှန်ရေးကို တစုံတခု သက်ရောက်မှု ရှိကောင်းရှိလာနိုင်တယ်။”
လက်ရှိမှာ SCEF ဟာ နိုင်ငံတွင်း တော်လှန်ရေးအင်းစုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ နိုင်ငံတကာ သံတမန်တွေနဲ့ ဆက်တိုက်တွေ့ဆုံဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ဦးဆောင် အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
လက်ရှိမှာ SCEF မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အာရက္ခတပ်တော်တို့ဟာ စစ်အာဏာရှင်တပ်ကို သူတို့ရဲ့ ဒေသတွေနဲ့ မဟာမိတ်ဒေသတွေမှာ တွန်းလှန်တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။










