
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီတပ်သား အချင်းချင်း ဓားထိုးမှုဖြစ်ပြီး တပ်သားတယောက် သေဆုံးသွားတယ်လို့ ပုသိမ်တိုင်းရုံးထဲမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေဆီက သိရပါတယ်။
ဧပြီ ၃ ရက်ညပိုင်းမှာ ပုသိမ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံးဝင်ပေါက်အနီး လုံခြုံရေးယူထားတဲ့ ကင်းစောင့်တဲက တပ်သားအဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်အချင်းချင်း စကားများ ရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ပြီး တပ်သားတယောက်ဒဏ်ရာ အများအပြားနဲ့ သေဆုံးသွားတာ ဖြစ်ပါတယ်။
ပုသိမ်ထွေအုပ်ရုံးဝန်ထမ်းတယောက်က “အနီးကပ် သွားကြည့်မရလို့ မကြည့်ရဘူး။ တယောက်က တခါတည်း သေဆုံးသွားတာ။ တပ်သားအချင်းချင်း ရန်ဖြစ်တာ။ ကင်းစောင့်တာဝန်ချိန် ပြောင်းတာနဲ့ပတ်သက်ပြီး ရန်ဖြစ်ကြတာ တယောက်က ဓားနဲ့ထထိုးတာ” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ တပ်သားအလောင်းကို စစ်ကောင်စီ သတင်းတပ်ဖွဲ့နဲ့ပေါင်းပြီး အလောင်းဖျောက် သတင်းဖုံးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရုံးဝန်ထမ်းတွေကိုလည်း သတင်းပေါက်ကြားမှု မရှိစေဖို့၊ ကိုယ့်ဌာန ထိခိုက်စေမဲ့ အကြောင်းအရာတွေ အပြင်မပေါက်ကြားစေဖို့ အထက်တာဝန်ရှိသူတွေက မှာထားတယ်လို့ သိရပါတယ်။










