
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ မိုးကြီးပြီး မြေပြိုတာကြောင့် အမျိုးသမီး တယောက် သေဆုံးပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၇ ရက် ညနေ ၇ နာရီကျော်မှာ မိုးကြီးရွာချပြီးတဲ့နောက် မြေသားတွေအိကျပြီး မြေပြိုကာ ၁၆ ရပ်ကွက်နဲ့ ကျောက်ကြားရပ်ကွက်က အသက်ကြီး အမျိုးသမီးတယောက် သေဆုံးကာ နေအိမ် ၆ လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ညနေပိုင်းအချိန်မှာ မိုးတအားများတော့ မြေပြိုတာပါခင်ဗျ၊ ရိုးရိုးမြေပြိုတာမျိုးပါ၊ နေအိမ် ၅ လုံး၊ ၆ လုံး ပျက်စီးပါတယ်။ ပြည်သူတွေ နေရာရွှေ့ပြောင်းရတာတော့ မရှိပါဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် မော်ချီးဒေသအတွင်းက ကျေးရွာတခုမှာလည်း တောင်ကျချောင်းရေကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ ဖာလာခြံတွေ၊ သီးနှံစိုက်ခင်းတွေနဲ့ သိုလှောင်ထားတဲ့ စပါးတွေလည်း ပျက်စီးတာတွေရှိတယ်လို့ သိရပါတယ်။
မော်ချီးဒေသကို ဇူလိုင်လ ပထမအပတ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် တခြားနေရပ်တွေကနေ လုပ်ငန်းလာရောက် လုပ်ကိုင်ကြသူတွေက ဇူလိုင်လထဲ သက်ဆိုင်ရာ နေရပ်တွေကို ပြန်သွားကြတာတွေလည်း ရှိပါတယ်။
ဇူလိုင်လ နောက်ဆုံးအပတ်ထဲမှာ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးတာ၊ တောင်ကျချောင်းရေကြောင့် ပြည်သူသေဆုံးပြီး နေအိမ်တွေ ပျက်စီးရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။










