DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
မော်ချီး လူနေရပ်ကွက်ကို စစ်တပ် ဗုံးကြဲသဖြင့် ၅ နှစ်သားအပါအဝင် ၆ ဦး သေဆုံး
မောရစ်
·
September 2, 2026
Photo: ကိုဗညား IEC
Photo: ကိုဗညား IEC
Donate to DVB

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးမြို့က အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ကွက်တခုကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တယောက် အပါအဝင် ဒေသခံပြည်သူ ၆ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ ကရင်နီပြည်နယ်ထဲက မော်ချီးမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာပါ။ 

ဗုံးကြဲခံရတဲ့နေရာဟာ ခဲတူးဖော်ရေးလုပ်ကွက်အနီးက ဆုတောင်းတောင် ခေါ် ကျောက်ကြား လူနေရပ်ကွက်ဖြစ်ပြီး စစ်ရေးပစ်မှတ်တခုမှမရှိသလို တိုက်ပွဲလည်း ဖြစ်နေတာမရှိဘူးလို့ မော်ချီးဒေသခံတယောက်က DVB ကို ပြောပါတယ်။ 

ဗုံးကြဲခံရတာကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ငါးယောက် သေဆုံးကာ နောက်တယောက်က ဆေးရုံပို့နေတဲ့လမ်းမှာ ဆုံးသွားတဲ့အတွက် စုစုပေါင်းသေဆုံးသူ ၆ ယောက် နဲ့ ဒဏ်ရာရသူ ၉ ယောက် အထိ ရှိလာနေပြီဖြစ်ပါတယ်။  

မော်ချီးဒေသခံတယောက်က “မနက်ကတော့ လေယာဥ်ပတ်သေးတယ်လေ။ လေယာဥ်ပတ်တော့ အကုန်လုံးက နားစွင့်ပြီးနေ နေရတယ်။ အကုန်လုံး တိတ်ဆိတ်နေတာပဲ မော်ချီးတမိုင်းလုံးပဲ စက်သံတွေ တိတ်ဆိတ်နေတာ။ လောလောဆယ်တော့ ဒီ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ သတိ၀ရိယနဲ့ နေဖို့ သတိပေးထားတယ်” လို့ ပြောပါတယ်။

ဗုံးကြဲခံရတဲ့ ကျောက်ကြားရပ်ကွက်ဟာ မြို့ခံတွေနဲ့ ခဲလုပ်သမားတွေနေထိုင်တဲ့အပြင် မိုင်းရှုးဘက်က ရွှေ့ပြောင်းအလုပ်သမားအများစုနေတဲ့ လူနေရပ်ကွက်တခုဖြစ်ပါတယ်။ 

ဗုံးစထိမှန်လို့ လူနေအိမ် အများအပြား ပြိုကျပျက်စီးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေက နီးစပ်ရာ ဆေးကုသရေးနေရာတွေဆီ အရေးပေါ် ကူညီပို့ဆောင်ပေးထား ရပါတယ်။ 

မော်ချီးမြို့မှာ စစ်တပ်က အရပ်သားပြည်သူတွေကို လေကြောင်းကနေ ပြောင်ပြောင်တင်းတင်း ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခု၊ သြဂုတ် ၁၇ ရက်နေ့ကလည်း မော်ချီးဒေသ လိုခါးလိုရွာကို စစ်ကောင်စီက လေကြောင်းကနေ အလားတူ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ အပြစ်မဲ့ ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် အရပ်သား ၃၂ ယောက်ထက်မနည်း အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရဖူးပါတယ်။ 

စစ်ရေးရင်းမြစ်ရဲ့ သုံးသပ်ချက်အရ စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ မြေပြင်စစ်ကြောင်း ထိုးလေ့ရှိပေမဲ့ မော်ချီး-ဖားဆောင်းဘက်မှာတော့ မြေပြင်စစ်ကြောင်းက တက်မလာသေးဘဲ ဖားဆောင်းမြို့ထဲမှာ အင်အားဖြည့်နေတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ရေးရင်းမြစ်က “အောက်ဘက်က (ဖားဆောင်းအောက်) သူတို့အင်အားတော့ရှိပြီ။ သူတို့ (စစ်တပ်) မထိုးသေးတာဘဲ ထင်တယ်။ အင်အားတော့ တော်တော်ဖြည့်ထားတယ်” လို့ ပြောပါတယ်။ 

လက်ရှိမှာ စစ်တပ်က ဖားဆောင်းဘက် အင်အားဖြည့်တင်းနေသလို လွိုင်ကော်-မိုးဗြဲနဲ့ ဒေါငံခါးဘက်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ မြေပြစ်စစ်ကြောင်းတွေ တက်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) နဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) တို့ကတော့ ကရင်နီပြည်နယ်အတွင်း အရပ်သားတွေနဲ့ လူနေရပ်ကွက်တွေကို ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်နေတယ်လို့ ထောက်ပြထားပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကလည်း စစ်တပ်ဆီ လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုတွေ ချက်ချင်းပိတ်ဆို့ဖို့ တောင်းဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013