
ကရင်နီပြည်နယ်၊ မော်ချီးဒေသအနီးတဝိုက်ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ အနည်းဆုံး ၅ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်။
စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေရှိတဲ့ ခဲကျင်းတနေရာကို ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုများပြီး နေအိမ်တွေလည်း ပျက်စီးတယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ကိုဗညားက "တိုက်ပွဲမရှိဘူးဗျ။ လောလောဆယ် ၅ ဦးက သေချာပေါက် ဆုံးသွားတယ်။ ၆ ဦးလည်းဖြစ်နိုင်တယ်၊ ထိခိုက်ဒဏ်ရာရတာက ၇ ဦးရှိတယ်"လို့ ပြောပါတယ်။
စစ်တပ်က ကင်းထောက်လေယာဥ်လည်းဝဲပြီး ဒေသခံနဲ့ စစ်ရှောင် ပြည်သူတွေရှိရာကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ် မော်ချီး၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ မိုးဗြဲဘက်တွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။
သြဂုတ်လအတွင်းမှာ စစ်အာဏာရှင်တပ်ကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူ ၈ ယောက် သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။











