
စစ်ကောင်စီက လက်ကိုင်ဖုန်းတွေကို ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) သုံးပြီး အခွန်ကောက်ယူမှုကြောင့် ဖုန်းတွေရဲ့စျေးနှုန်း ကြီးမြင့်သွားတယ်လို့ ဖုန်းအရောင်းဆိုင် ဖွင့်ထားသူတွေဆီက သိရပါတယ်။
စျေးကွက်ထဲ ရောင်းချတဲ့ လက်ကိုင်ဖုန်းအသစ်တွေကို ဧပြီ ၁ ရက်ကစပြီး CEIR စနစ်နဲ့ ကျသင့်အခွန်အခ ပေးဆောင်မှ ဆက်သွယ်ရေးကွန်ရက် သုံးလို့ရအောင် စီမံထားတာဖြစ်သလို ကျသင့်တဲ့အခွန်ကို ဝယ်ယူသူကပဲ ကျခံရတာလို့ ဆိုပါတယ်။
လက်ကိုင်ဖုန်းတန်ဖိုးရဲ့ ၃၇ ရာခိုင်နှုန်းအထိ အခွန်အခ ပေးဆောင်ရမှာဖြစ်ပြီး ကျပ်သိန်း ၂၀ နီးပါး ဖုန်းတလုံးအတွက် အခွန်အခမှာ ကျပ် ၇ သိန်းကျော် ကျသင့်တယ်လို့ ဖုန်းရောင်းသူတယောက်က တွက်ချက်ပြပါတယ်။
ဖုန်းနဲ့ အိုင်တီပစ္စည်းအရောင်းဆိုင် ဖွင့်ထားသူတယောက်က “အခွန်ထပ်ဆောင်းလိုက်ရင် တန်ဖိုးနည်း၊ တန်ဖိုးသင့်ဖုန်းဆိုတာ မရှိသလောက်ဖြစ်သွားမှာ” လို့ ပြောပါတယ်။
အဲဒီလို အခွန်အခကြောင့် လက်ကိုင်ဖုန်းစျေး ကြီးမြင့်သွားမှာ ဖြစ်တဲ့အတွက် အခြေခံလူတန်းစား ပြည်သူတွေအနေနဲ့ ဖုန်းအသစ်ဝယ်ကိုင်ဖို့ အလှမ်းဝေးသွားနိုင်တယ်လို့ ရန်ကုန်မြို့မှ ကုမ္ပဏီဝန်ထမ်းတယောက်က ပြောပါတယ်။
“နောက်ဆို Second ဖုန်းတွေပဲ သုံးနိုင်ကြတော့မဲ့ အနေအထား ဖြစ်လာတာ။ လက်ရှိကိုင်နေတဲ့ ဖုန်းကို ဂရုတစိုက်ကိုင်မှ ဖြစ်တော့မယ်။”
စစ်ကောင်စီက မတ် ၃၁ ရက် မတိုင်ခင်အထိ ဆင်းကတ်ထည့်သုံးထားတဲ့ ဖုန်းတွေကို အခွန်ကင်းလွတ်ခွင့်ပေးကာ CEIR စနစ်ထဲ အလိုအလျောက် ထည့်သိမ်းထားခဲ့ပြီး နောက် ၃ နှစ် ဆက်လက်အသုံးပြုခွင့်ရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
အဲဒီနောက် ဆင်းကတ်ထည့်သွင်းထားတာမရှိတဲ့ ဖုန်းတွေကို CEIR စနစ်မှာ နာမည်ပျက် (BlackList) သွင်းကာ ဆက်သွယ်ရေးကွန်ရက် အသုံးပြုခွင့် ပိတ်ထားမှာဖြစ်ပြီး ကျသင့်တဲ့အခွန် ပေးသွင်းမှ သုံးလို့ရအောင် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဒီလို CEIR စနစ် သုံးဖို့အတွက် ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး အခွန်ကောက်ခံဖို့အတွက်တင်မကဘဲ ဖုန်းအသုံးပြုသူရဲ့ အနီးစပ်ဆုံး တည်နေရာနဲ့ အသုံးပြုနေတဲ့ အချက်အလက်တွေကို စောင့်ကြည့်နိုင်တာကြောင့် လုံခြုံရေးအတွက် စိတ်မချရဘူးလို့ နည်းပညာကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။








