
အမေရိကန်စစ်တပ်ဟာ ပစိဖိတ်သမုဒ္ဒရာ အရှေ့ခြမ်းမှာ ရေကြောင်း မူးယစ်ဆေးဝါး မှောင်ခိုကူးရာမှာ အသုံးပြုနေတဲ့ သင်္ဘောတစီးကို ဖျက်ဆီးလိုက်တဲ့ ဗီဒီယိုမှတ်တမ်းကို စက်တင်ဘာ ၂ ရက်မှာ အမေရိကန်စစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။
ဒီသင်္ဘောဟာ လော့စ် ချိုနဲရိုးစ် အီကွေဒေါရာဇဝတ်ဂိုဏ်းကို ကူညီပေးနေတာဖြစ်ပြီး မူးယစ်ဆေးဝါး ကုန်ကူးမှုတွေအတွက် ရေပေါ်စက်သုံးဆီဖြည့်စခန်းအဖြစ် လုပ်ကိုင်နေတာလို့ သတင်းအချက်အလက်တွေအရ သိရကြောင်း အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
USS ဆန် အန်တိုနီယို စစ်သင်္ဘောပေါ်က စေလွှတ်လိုက်တဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ သင်္ဘောပေါ်ကို တက်ရောက်စီးနင်းကာ ပြဿနာတစုံတရာမရှိဘဲ ရှင်းလင်းခဲ့ပြီး သင်္ဘောပေါ် ပါလာသူတွေကို အီကွေဒေါ အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်တယ်လို့ တောင်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
ဒီဗီဒီယိုကို ရိုက်ကူးခဲ့တဲ့ နေရာနဲ့ ရက်စွဲကိုတော့ ရိုက်တာသတင်းဌာနအနေနဲ့ သီးခြား အတည် မပြု နိုင်ပါဘူး။
ဒါပေမဲ့ စက်တင်ဘာ ၂ ရက် မတိုင်ခင်က အွန်လိုင်းမှာတင်ခဲ့ဖူးတဲ့ ဗီဒီယို အဟောင်းတွေကိုတော့ မတွေ့ရပါဘူး။
Source: Reuters











