
အယ်လ်ဆာဗေဒိုနိုင်ငံမှာ ရေတပ်က လှေ ၂ စင်းပေါ်ကနေ ကိုကင်း ၆ ဒသမ ၆၈ တန် ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ နိုင်ငံသမိုင်းတလျှောက် အကြီးမားဆုံး ကိုကင်း ဖမ်းဆီးရမိမှုဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပြီးနောက် ဇူလိုင် ၈ ရက်မှာ ဖမ်းဆီးရမိတဲ့ ကိုကင်းထုပ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
အယ်လ်ဆာဗေဒို သမ္မတရုံးက ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လှေတွေပေါ်ကနေ မူးယစ်ဆေးဝါးအထုပ်တွေကို ချနေကြပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို လာပက်ဇ် မြို့မှာ ခင်းကျင်းပြသခဲ့ကြပါတယ်။
ကာကွယ်ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး ရီနေး ဖရန်စစ်မယ်ရီနို မွန်ရွိုင်းရဲ့ ပြောကြားချက်အရ ပထမလှေကို ဇွန် ၁၈ ရက် မနက် ၁၀ နာရီ ၂၀ မိနစ်အချိန်မှာ အယ်လ်ကော်ဒွန်စီယို ကမ်းခြေကျေးရွာငယ်လေးရှိ လာဘိုကာနာ မြစ်ဝရဲ့ အနောက်တောင်ဘက် ရေမိုင် ၅၈၂ မိုင်အကွာမှာ ကိုကင်း ၃ ဒသမ ၄၂ တန်နဲ့အတူ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒုတိယလှေပေါ်မှာတော့ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၃ သန်း တန်ဖိုးရှိတဲ့ ကိုကင်း ၃ ဒသမ ၂၅ တန်ကို ထပ်မံတွေ့ရှိခဲ့ပြီး အဲဒီလှေပေါ်မှာ အီကွေဒေါနိုင်ငံသားတယောက်နဲ့ ကိုလံဘီယာနိုင်ငံသား နှစ်ဦး၊ စုစုပေါင်း အမှုထမ်း ၃ ယောက် ပါရှိပါတယ်။
ဒီစစ်ဆင်ရေးအတွင်း လှေ ၂ စင်းပေါ်ကနေ အက်ကွေဒေါနိုင်ငံသား ၂ ယောက်နဲ့ ကိုလံဘီယာနိုင်ငံသား ၄ ယောက်၊ စုစုပေါင်း ၆ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စုစုပေါင်း မူးယစ်ဆေးဝါး ၆ ဒသမ ၆၈ တန်နီးပါးကို သိမ်းဆည်းရမိခဲ့ပါတယ်။










