
အမေရိကန်စစ်တပ် တောင်ပိုင်းကွပ်ကဲမှုဌာန (SOUTHCOM) က ပူးတွဲအထူးတပ်ဖွဲ့တခုဟာ သြဂုတ် ၂၃ ရက်က အရှေ့ပစိဖိတ်သမုဒ္ဒရာထဲက မူးယစ်ဆေးဝါးမှောင်ခိုလမ်းကြောင်းတွေ တလျှောက် ခုတ်မောင်းနေတဲ့ မထင်မရှား သင်္ဘောတစင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
သင်္ဘောဟာ မူးယစ်ဆေးဝါးမှောင်ခို ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ထောက်လှမ်းရေးက အတည်ပြုခဲ့ပြီး မူးယစ်ဆေးဝါး အကြမ်းဖက်သမားနှစ်ယောက် စစ်ဆင်ရေးမှာ သေဆုံးခဲ့တယ်လို့ SOUTHCOM က X လူမှုကွန်ရက်ပေါ်မှာ သြဂုတ် ၂၄ ရက်က တင်ခဲ့တဲ့ ပို့စ်တခုမှာ ဖော်ပြထားပါတယ်။
SOUTHCOM က X လူမှုကွန်ရက်မှာ တင်ထားတဲ့ ရုပ်သံမှတ်တမ်းထဲမှာ ပင်လယ်ပြင်က သင်္ဘောတစင်းကို ထိမှန်ပြီး ရေထဲမှာ ရပ်နေတာကို ပြထားပါတယ်။
ဗီဒီယိုရိုက်ကူးခဲ့တဲ့ တည်နေရာ ဒါမှမဟုတ် ရက်စွဲကို သီးခြား အတည်မပြုနိုင်ပါဘူး။ သြဂုတ် ၂၄ ရက် မတိုင်မီ အွန်လိုင်းမှာတင်ထားတဲ့ ဗီဒီယိုရဲ့ အရင်ပုံစံကို မတွေ့ရပါဘူး။
ဗိုလ်ချုပ်ကြီး ဖရန်စစ် ဒိုနိုဗန်က ဒီတိုက်ခိုက်မှုဟာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု ကွန်ရက်တွေကို နှောင့်ယှက်ဖို့နဲ့ မူးယစ်ဆေးတွေ အမေရိကန် လူမှုအသိုင်းအဝိုင်းတွေဆီ မရောက်အောင် တားဖို့ အမေရိကန်စစ်တပ်ရဲ့ ကတိကဝတ်ကို ပြနေတယ်လို့ ပြောပါတယ်။
Source: Reuters











