
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာကြောင့် ဒေသခံပြည်သူတွေ အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေက ပြောပါတယ်။
ဇူလိုင် ၂၄ ရက်ကစပြီး လက်ရှိအချိန်အထိ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းလည်းထိုးလာတဲ့အတွက် ပြည်သူတွေ ရွှေ့ပြောင်းနေရတာ ဖြစ်ပါတယ်။
စစ်ရှောင်အရေးကူညီပေးသူတယောက်က “လွိုင်ကော်အရှေ့ခြမ်းဘက်ကလည်း စစ်ကြောင်းထိုးတယ်။ နန်းမယ်ခုံဘက်ကလည်း စစ်ကြောင်းထိုးတယ်။ ဆိုတော့ နန်းမယ်ခုံဘက်က ပြည်သူတွေ အင်နဲ့အားနဲ့ အလုံးအရင်း နေရာရွှေ့ကြရတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီက မိုးဗြဲကိုပြန်လည်ရရှိပြီးတဲ့နောက် မိုးဗြဲ-လွိုင်ကော်ကြား ကုန်းသာကျေးရွာကနေ နန်းမယ်ခုံမြို့နဲ့ကပ်လျက်က ဘုရားဖြူ၊ ဘုရားနီကျေးရွာအထိရောက်ရှိနေပြီး ဒီးမော့ဆိုမြို့နယ် အနီးအနားထိကို စစ်ကြောင်းထိုးနေလို့ ပြည်သူတွေနေရာရွှေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေကိုကူညီပေးနေသူ နောက်တယောက်က “လူများတာရယ်၊ အလောတကြီး ရွှေ့ရတာရယ်တွေရှိတယ်။ မိုးလည်းရွာတယ်၊ နေရာချထားရေးကလည်း စိန်ခေါ်မှုတခုပေါ့။ သယ်ယူပို့ဆောင်ရေးအတွက်လည်း အခက်အခဲတွေရှိကြတယ်။ မိုးတွင်းကာလဖြစ်တော့ အမိုးအကာကိစ္စတွေ၊ နေဖို့ထိုင်ဖို့ချက်ပြုတ်ဖို့လည်း အခက်အခဲရှိတာပေါ့” လို့ ပြောပါတယ်။
အရေးပေါ်စစ်ရှောင်နေရသူတွေဟာ တောင်ယာစိုက်ခင်းကို အဓိကအားထား လုပ်ကိုင်နေကြသူတွေဖြစ်ပြီး စစ်ရှောင်ရချိန် ပစ္စည်းအများစုကိုထားခဲ့ရတာဖြစ်လို့ စားဝတ်နေရေး လိုအပ်ချက်တွေလည်းရှိတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေက ပြောပါတယ်။











