DVB Logo
Home
မြန်မာသတင်း
NUG ၏ ကနီမြို့နယ် တရားသူကြီး ၄ ဦးကို တာဝန်မှရပ်စဲ
DVB
·
July 26, 2025
NUG ၏ ကနီမြို့နယ် တရားသူကြီး ၄ ဦးကို တာဝန်မှရပ်စဲ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မြို့နယ်အဆင့် တရားသူကြီး ၄ ယောက်ကို တာဝန်ကနေ ရပ်နားလိုက်တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၇ ရက်စွဲနဲ့ ယာယီသမ္မတ ဒူဝါလရှီးလလက်မှတ်ထိုးထားတဲ့ တာဝန်ရပ်နားစာကို ပေးပို့လာခဲ့တာလို့ ကနီမြို့ခံ တော်လှန်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ကနီမြို့နယ် ပအဖ အဖွဲ့ဝင်တယောက်က “အဲသတင်းက ဟုတ်တယ်ဗျ။ စောစောကတည်းက သူတို့ တရားရေးအဖွဲ့ ၄ ဦးရှိတာကို အချင်းချင်းကိုက မတည့်ကြဘူးလေ။ ဘယ်လိုတွေ ရှေ့ဆက်ဖြစ်ကြဦးမလဲမသိဘူးဗျို့။ စိတ်ပျက်စရာကြီး။ အတိအကျတော့မသိရဘူးဗျ။ လူ့အခွင့်ရေးရုံး တိုင်ကြားခံရတယ်တော့ကြားတာပဲဗျ။ ကျနော်တို့ကတော့ ဒီလောက်ပဲသိထားရသေးတယ်” ပြောပါတယ်။

ကနီမြို့နယ်ဟာ NUG ရဲ့ မြို့နယ်တရားသူကြီးအဖွဲ့ စဖွဲ့တဲ့မြို့တွေထဲမှာ တခုအပါအဝင်ဖြစ်ပြီး မြို့ခံပြည်သူတချို့ကတော့ NUG အစိုးရရဲ့  မြို့နယ်အဆင့်ကို ပြတ်ပြတ်သားသား စတင်ပြုပြင်လာတာကို ကြိုဆိုတယ်လို့ ပြောပါတယ်။

ကနီမြို့နယ်က နိုင်ငံရေးတက်ကြွသူတယောက်က “ကနီမှာ တရားရေးအပြင် ပလဖ၊ ပအဖ ဆိုတဲ့ သူတွေလည်း အခုလို တာဝန်ရပ်နားပေးမှုလုပ်စေချင်တယ်။ တရားရေးကတော့ အဂတိအမှုနဲ့ အတိုင်ခံရတယ်လို့တော့ ပြောနေကြတယ်။ အတိကျတော့မပြောရဲဘူးလေ။ ကနီမှာ ပညာရေးအဖွဲ့က ဦးဝင်းဌေးအမှုဆို အခုထိလက်သည်မပေါ်ဘူး။ အမှုတည်ဆောက်ဖို့တရား‌ရေးဘက်မပြောနဲ့ ပလဖလည်း အလုပ်မလုပ်ဘူး။ ကျနော်တို့သိထားတဲ့ မတရားအသတ်ခံရတဲ့အမှုတွေ၊ မုဒိမ်းမှုတွေ  အပြီးသတ်အမိန့်မချနိုင်ဘူး။ ဒါကလည်း ပြည်သူယုံကြည်မှုကျဆင်းတဲ့အချက်ပဲ။ ကျနော်တို့ ဒေသခံအမြင် ပြောရရင် ပလဖ ရော၊ ပအဖအဖွဲ့ရော ပြင်ဆင်သင့်ပါတယ်” လို့ ပြောပါတယ်။

NUG အစိုးရဟာ ၂၀၂၂ ခုနှစ် မေ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်းထဲက ကနီမြို့နယ်၊ ကသာမြို့နယ်၊ ​ကောလင်းမြို့နယ်၊ ​ကန့်ဘလူမြို့နယ်၊ ​ဗန်းမောက် စတဲ့ မြို့နယ်တို့အပါအဝင် မြို့နယ် ၁၅ ခုမှာ တရားသူကြီးအဖွဲ့တွေ ခန့်အပ်လိုက်ပြီး စက်ရှင်တရားစီရင်ရေးအာဏာတွေ အပ်နှင်းခဲ့တာဖြစ်ပါတယ်။

တာဝန်ကနေရပ်နားခံရတဲ့ တရားသူကြီးတယောက်က “ဘာပြောရမှန်းတောင်မသိတော့ဘူး။ အဂတိကိစ္စဆိုရင်တော့ ကြိုက်တဲ့ကောင်လာစစ်ပေါ့ ရှင်းတယ်။ အသစ်ပြန်ဖွဲ့စည်းဖို့ တောင်းဆိုထားတာကြာပြီ။ ပြုပြင်ပြောင်းလဲမှုတောင်းဆိုနေချိန်နဲ့ ရောကြိတ် ခံလိုက်ရတာကတော့ ကိုယ်တွေသားကောင်ဖြစ်သွားသလိုပါပဲ။ အလုပ်လုပ်ပြတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။ အကောင်းဘက်ဦးတည်ဖို့ဖြစ်လာတယ်လို့ ယူဆပါတယ်။ ဒီထက်ကောင်းဖို့ဖြစ်လာတယ်လို့ပဲ ယူဆပါတယ်။ အချိန်က ပြုပြင်ပြောင်းလဲဖို့ ပြောထားတဲ့အချိန်နဲ့ စာထုတ်တဲ့အချိန်က NUG ပြုပြင်ပြောင်းလဲဖို့ အသည်းအသန် တောင်းဆိုနေချိန်နဲ့ တိုက်ဆိုင်နေတာတော့ အတော်လေး စိတ်မချမ်းမြေ့ဖွယ်ပါပဲ။ တခြားတော့ဗျာ တော်လှန်ရေးမှာ လိပ်ပြာလုံလုံ ယုံကြည်ချက်အပြည့်နဲ့ ဆက်လျှောက်နေပါဦးမယ်ဗျ။ ဘယ်နေရာ၊ ဘယ်တာဝန်၊ ဘာရာထူးမှမရှိလည်း တော်လှန်ရေး လုပ်လို့ရပါတယ်ဗျာ” လို့ ပြောပါတယ်။

တာဝန်ကနေရပ်နားခံရတဲ့ တရားသူကြီးတွေကို စုံစမ်းစစ်ဆေးတာတွေ လုပ်သွားဖို့ရှိတယ်လို့လည်း ယင်းမာပင်ခရိုင် တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013