DVB Logo
Home
မြန်မာသတင်း
ဆုံးရှုံးနယ်မြေပြန်ရရန် စစ်ကောင်စီက အဓမ္မ စုဆောင်းထားသည့် တပ်သားသစ်များကို အသုံးချနေ
DVB
·
July 26, 2025
ဆုံးရှုံးနယ်မြေပြန်ရရန် စစ်ကောင်စီက အဓမ္မ စုဆောင်းထားသည့် တပ်သားသစ်များကို အသုံးချနေ
Donate to DVB

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအပါအဝင် တပ်သားသစ်စုဆောင်းတာတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး တပ်သားသစ်အင်အားတွေနဲ့ ဆုံးရှုံးထားတဲ့ နေရာတွေကို ထိုးစစ်ဆင်လာနေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ဒီဇူလိုင်ထဲမှာ စစ်ကောင်စီက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို ဘက်ပေါင်းစုံ ထိုးစစ်တွေနဲ့ စစ်ရေးဖော်ဆောင်လာပါတယ်။ စစ်ကောင်စီတပ်က ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့သလို မန္တလေးတိုင်း သပိတ်ကျင်းမြို့ကိုလည်း ထိန်းချုပ်ထားပြီး တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ဆက်လက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီက တပ်သားသစ်စုဆောင်းတာတွေကိုလည်း အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ တပ်သား အင်အားတွေတိုးလာပြီး စစ်တိုက်တဲ့ နေရာမှာ အလုံးအရင်းနဲ့ ဆုံးရှုံးထားတဲ့ နေရာတွေကို ထိုးစစ်ဆင်လာနေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

ပြည်သူ့လွတ်မြောက်‌ရေးတပ်မတော် (PLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲ‌ဘော်နီနီ‌ကျော်ကတော့ စစ်ကောင်စီက အာဏာတည်မြဲဖို့ စစ်မှုထမ်းတပ်သားအသစ်တွေ အပါအဝင် အောက်ခြေတပ်သားအင်အားတွေကို သေရင်သေပါစေဆိုပြီး အသုံးချနေတယ်လို့ ပြောပါတယ်။

“သူတို့ အာဏာတည်မြဲရင် ပြီးရောဆိုပြီး သူတို့အောက်ခြေစစ်သားတွေပေါ့၊ အရင်တုန်းက သူတို့ တပ်ထဲမှာ လေ့ကျင့်ထားတဲ့ စစ်သားတွေရော၊ မနေ့တနေ့ကမှ ကောက်လာတဲ့ စစ်သားတွေရော အမြန်လေ့ကျင့်ပြီးတော့ ရှေ့တန်းကနေ အသေခံပြီးတော့ လူသားမိုင်းလိုမျိုး သုံးပြီးတော့ တိုက်ခိုင်းနေတာတွေ ရှိတယ်။ တိုက်ပွဲတွေမှာ ဆိုရင်လည်း တပ်သားတွေ ရာနဲ့ချီပြီး ကျတာတွေ ရှိတယ်။ တခါတလေကျရင် FAW ကား ၄ စီးတိုက်နဲ့ တပ်သားတွေ ကျသွားတာ ရှိတယ်။ တပ်သားတွေ ကျသွားတဲ့အထဲမှာ နဂိုစစ်သားလုပ်နေတဲ့သူတွေရော အခု အဓမ္မစုဆောင်းထားတဲ့ သူတွေလည်း အများကြီး ပါနိုင်တာပေါ့နော်။ ဆိုတော့ သူတို့က အဲ့လူအင်အားကို အသုံးချပြီးတော့ သေရင်သေပါစေ၊ ဒီစခန်းတခုကို ပြန်ရအောင်ယူမယ်၊ ဒီမြို့တခုကို ပြန်ရအောင် ယူမယ်ဆိုပြီး ရက်ရက်စက်စက် လူစိတ်မရှိတဲ့ စိတ်တွေနဲ့ စီစဉ်ပြီးတော့ သူတို့အတွက် စစ်တွေ တိုက်နေတာပေါ့နော်။”

မန္တလေးမြို့ပေါ်မှာဆိုရင်လည်း စစ်မှုထမ်း စုဆောင်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။ ဇူလိုင် ၂၂ ကစပြီး အလှည့်ကျ တာဝန်ထမ်းဆောင်ရမယ့် ကာလသတ်မှတ်တဲ့ မဲနှိုက်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို့ ဒေသခံတယောက်က မဲတွေက ဗလာမပါတဲ့ မဲတွေဖြစ်ပြီး မြို့နယ်တိုင်းမှာ နှိုက်ရတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ဒေသခံ တယောက်က “အဓိကက မဲနှိုက်တာကလေ မြို့နယ်တိုင်းလိုလိုတော့ နှိုက်တယ်ဗျ။ ဒါပေမဲ့ နာမည် အဓိက ထွက်နေတာကတော့ အောင်မြေသာစံဘက်ကတော့ နာမည် အထွက်ဆုံး ဖြစ်နေတာပေါ့။ စစ်မှုထမ်းအသက်ကတော့ ပုံမှန် ၁၈၊ ၃၅ မှာပဲ နှိုက်တယ်။ နံပါတ် အကြီးတွေကတော့ နည်းနည်း နောက်ကျမယ်ပြောတယ်။ အသေးတွေကတော့ ဆယ်ဂဏန်းဆိုရင် မကြာခင်ပေါ့နော်၊ ခုဂဏန်းဆိုရင်တော့ ရက်ပိုင်းအတွင်းပေါ့။ ကျန်တဲ့ဟာတွေကတော့ နောက်အပတ်စဉ်ပေါ့။ ဒါကတော့ သူတို့ မဲနှိုက်ခိုင်းတဲ့ ပုံစံပေါ့။ မိဘတိုင်းကတော့ ကိုယ့်သားသမီး ပါသွားတယ်ဆိုရင် ယူကြုံးမရ ဖြစ်ကျတာ ရှိတယ်။ မူးလဲတဲ့သူတွေ ရှိတယ်။”

မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းအပတ်စဉ် (၁၀) အထိ သင်တန်းဆင်းတပ်သား ၅၀,၀၀၀ ကျော်ရှိလာတယ်လို့လည်း သိရပါတယ်။

ဒီလို စစ်မှုထမ်းစုဆောင်းခံရတဲ့ အရေအတွက်နဲ့ စစ်တပ်ကနေ လွတ်မြောက်လာပြီး လက်နက်ချကာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းသူ ဒါမှမဟုတ် ခိုလှုံနိုင်ဖို့ ကြိုးစားနိုင်ခဲ့သူတွေကတော့ အရေအတွက်အားဖြင့် နည်းတယ်လို့လည်း စစ်တပ် CDM အရာရှိတွေက ဆိုပါတယ်။

CDM ဗိုလ်ကြီး လင်းထက်အောင်က “လက်ရှိအခြေအနေမှာ မိသားစု အခြေအနေအရ သော်လည်းကောင်း၊ ကျနော်တို့ မိမိရဲ့ ကိုယ်ရေးကိုယ်တာ အခြေအနေအရသော်လည်းကောင်း၊ ဘဝပေးအခြေအနေအရသော်လည်းကောင်း၊ စစ်မှုထမ်းပါလာခဲ့ရင် ငြင်းဆိုဖို့ ခက်ခဲတဲ့သူတွေ အများကြီး ရှိပါတယ်။ စစ်တပ်ရဲ့ အရင်းအမြစ်တွေကနေ အသုံးချပြီးတော့ ပြန်ပေးဆွဲတာတွေ၊ ပေါ်တာဆွဲတာတွေ၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေ၊ အမှုတွေတပ်ပြီးတော့ ဖမ်းဆီးတာတွေ ဒါတွေနဲ့ စစ်မှုထမ်းခေါ်ဆောင်ဖို့အတွက်ကို နည်းအမျိုးမျိုးနဲ့ ပြုလုပ်လေ့ရှိပါတယ်။

ဒီလိုအခြေအနေတွေကနေ ရုန်းထွက်ဖို့ ဆိုတာ ခက်ခဲပါတယ်။ အဲ့တော့ စစ်မှုထမ်း ပါသွားရင် တတ်နိုင်သမျှတော့ ပြန်ရုန်းထွက်နိုင်ဖို့ကို ကြိုးစားပါ။ အဓိကကတော့ အစကတည်းက ဝင်မလား၊ မဝင်ဘူးလားဆိုတဲ့ အခြေအနေတခုမှာ မဝင်ဖို့ အခြေအနေကို ရွေးချယ်စေချင်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကူညီမှုကြောင့် ပြည်သူ့ စစ်မှုထမ်းတွေ ပြန်လည်လွတ်မြောက်လာတာ အများကြီး ရှိပါတယ်။ တတ်နိုင်သမျှ စစ်မြေပြင်တွေမှာ မိမိတို့ရဲ့ အသက်ကို အသေမခံဘဲနဲ့ အာဏာရှင်တွေဘက် ပြောင်းပြန်မလှည့်နိုင်ခဲ့ဘူးဆိုရင်တောင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ လက်နက်ချ အညံ့ခံတာပဲ ဖြစ်ဖြစ်၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတာပဲဖြစ်ဖြစ် ပြုလုပ်ကြဖို့ အဓိကထားပြီးတော့ ပြောလိုပါတယ်။”

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးပြီးတဲ့နောက် လူငယ် ၇၀,၀၀၀ ကို စစ်မှုထမ်းတပ်သားသစ် စုဆောင်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဇူလိုင် ၂၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီက လူငယ်တွေကို အဓမ္မ ဖမ်းဆီးစုဆောင်းကာ စစ်သင်တန်းတွေဆီ ပိုဆောင်ခဲ့ပြီးနောက် ရှေ့တန်း စစ်မြေပြင်တွေကို စေလွှတ် အသုံးချနေတာကြောင့် အဓမ္မ စစ်မှုထမ်းခံရတဲ့ တပ်သားသစ်တွေအားလုံး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးကူးပြောင်း ခိုလှုံလာကြဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013