
စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်တို့မှာ ဗုံးဒဏ်ခံနိုင်တဲ့ မြေအောက် ဆေးခန်းနဲ့ စာသင်ကျောင်းတွေ ဆောက်လုပ်နေတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။
လက်ရှိမှာတော့ ဆေးခန်းတခုနဲ့ စာသင်ကျောင်းဆောင် ၄ ခု ဆောက်လုပ်ပြီးစီးနေပြီး အဲဒီအထဲက စာသင်ကျောင်းဆောင် ၂ ခုကို စတင်အသုံးပြုနေပြီလို့ ဆိုပါတယ်။
ဗုံးဒဏ်ခံနိုင်တဲ့ မြေအောက် စာသင်ကျောင်းနဲ့ ဆေးခန်းတို့ကို ခေတ်မီ နည်းပညာတွေနဲ့ တွက်ချက်ဆောက်လုပ်ထားတာလို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုစိုးမိုးအောင်က ပြောပါတယ်။
“စာသင်ကျောင်းဆောင် ၂ ခုကတော့ အသုံးပြုနေပါပြီ။ မြေအောက်စာသင်ကျောင်းတွေ ဖြစ်တဲ့အတွက် ဥမင်စနစ်တွေလည်း ပါပါတယ်။ အရေးပေါ် အခြေအနေမှာ တခန်းနဲ့ တခန်း ကူးလို့ရအောင် စီစဉ်ထားပါတယ်။ ကလေးတွေတော့ အေးအေးချမ်းချမ်း ပညာသင်ကြားနေကြပါပြီ။”
လုံခြုံရေးအခြေအနေအရ ဗုံးဒဏ်ခံနိုင်တဲ့ ပြင်းအားပမာဏနဲ့ အကျယ်အဝန်း စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောသွားပါဘူး။
ဒီပဲယင်းနဲ့ ရွှေဘိုမြို့နယ်တို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတာကြောင့် စာသင်ကျောင်းတွေကို အခုနှစ်အစောပိုင်းကတည်းက ပိတ်ထားရတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ဆိုပါတယ်။
ဆောက်လုပ်ထားတဲ့ မြေအောက်စာသင်ကျောင်းနဲ့ ဆေးခန်းတို့မှာ ကလေးငယ်တွေအနေနဲ့ လွတ်လပ်စွာ ပညာသင်ကြားနိုင်ဖို့နဲ့ ဒေသခံတွေကို အချိန်မရွေး ဆေးကုသမှုတွေ လုပ်ဆောင်သွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။











