
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်ပုထိုးကျေးရွာကို စစ်အာဏာရှင်တပ်က ပါရာမော်တာ တစီးနဲ့ အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီ ကျော်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မသန်စွမ်းသူတယောက်အပါအဝင် ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မုံရွာ နမခဘက်ကနေတက်လာတဲ့ ပါရာမော်တာတစီးက ညောင်ပုထိုးကျေးရွာပေါ်မှာဝဲပျံပြီး ဗုံးသီး ၂ လုံး ကြဲချသွားကြောင့် အသက် ၂၄ နှစ်အရွယ် ကိုသက်ပိုင်ဖြိုးနဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်သန်းဝင်းတို့ ကျည်စထိမှန်ဒဏ်ရာရသွားတာလို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
“ကိုသက်ပိုင်ဖြိုးဆိုရင် မွေးရာပါ မသန်စွမ်းသူတယောက်ပါဗျာ။ ဘာတိုက်ပွဲမှ မရှိဘဲ အလကား နေရင်း လာကြဲချသွားတာပါ။”
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ကျည်စထိမှန်ခဲ့တာအပြင် လူနေအိမ်လည်း ထိခိုက်ပျက်စီးသွားပါတယ်။
ဒီပဲယင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “အဲရွာကို စစ်တပ်က ဗုံးသီး ၂ လုံးကြဲချတာ။ တလုံးပေါက်ကွဲပြီး နောက်ထပ်တလုံးက မပေါက်ကွဲ သေးဘဲရှိနေပါတယ်။ ပြည်သူတွေအနေနဲ့ အဲဒီမပေါက်ကွဲသေးတဲ့ ဗုံးသီးနေရာအနီးကို သွားလာတာတွေ မလုပ်ဖို့အထူး ပြောချင်ပါတယ်”လို့ ပြောပါတယ်။
အောက်တိုဘာ ၈ ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာခံမိသားစုဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။











