
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာနဲ့ ငှက်ပျင်းကျေးရွာကို အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက စစ်အာဏာရှင်တပ်က ပါရာမော်တာနဲ့ ဗုံး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသားတယောက် သေဆုံးပြီး အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၂ ရက် ညနေ ၅ နာရီမှာ သရက်မြို့ အခြေစိုက် ကပစ-၁၂ ကတက်လာတဲ့ ပါရာမော်တာ ၃ စီးဟာ ရွာသစ်ရွာနဲ့ ငှက်ပျင်းကျေးရွာကြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဒေသခံတွေကို ဗုံး ၉ လုံးကြဲချတိုက်ခိုက်ခဲ့လို့ ကြို့ဝကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုဖိုးလမင်း သေဆုံးခဲ့ပြီး ကြို့ဝကျေးရွာက ဦးကြည်ဝင်း (၆၂ နှစ်)နဲ့ ဦးအောင်မြိုင် (၄၇ နှစ်) တို့ ဒဏ်ရာရရှိခဲ့ကြတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ပြောပါတယ်။
အခု လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကျေးရွာတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေ မဟုတ်ဘဲ အရပ်သားတွေ သွားလာလှုပ်ရှားနေကြတဲ့ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာလို့ ထုတ်ပြန်ချက်ထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ပုသိမ်-မုံရွာလမ်းပိုင်းကို ထိန်းချုပ်လိုပြီး ရခိုင်ပြည်နယ်ကို မင်းတုန်းမြို့နယ်ကတဆင့် ထိုးစစ်ဆင်တာကို လွတ်လွတ်လပ်လပ် ထောက်ပို့နိုင်ဖို့အတွက် ရိုးတောင်ခြေအနီးက ရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာလို့ မင်းတုန်းမြို့နယ်က စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်တပ်က ပုသိမ်-မုံရွာလမ်းပိုင်းကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာ ရှိသလို၊ ရခိုင်ပြည်နယ်ဘက်ကို ထိုးစစ်ရာမှာလည်း ထောက်ပို့လမ်းကြောင်းတွေကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တာမျိုးနဲ့ ရိုးမတောင်ခြေအနီးက ရွာတွေကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာ။ ဒီလအတွင်းမှာတင် လေကြောင်းဗုံးကြဲခံရလို အရပ်သား သေဆုံးသူ ၄ ဦးထက်မနည်းရှိပြီးတော့ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်း ၆ ဦးနဲ့အထက်ရှိတယ်” လို့ပြောပါတယ်။
အောက်တိုဘာ ၈ ရက်နဲ့ ၁၂ ရက်ကလည်း မင်းတုန်းမြို့နယ် မဲဇလီရွာ၊ ချင်းနစ်ကျေးရွာတို့ကို ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက်သေဆုံးပြီ ထိခိုက်ဒဏ်ရာရရှိသူ ၄ ယောက်ထက်မနည်း ရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ မင်းတုန်းမြို့နယ်က ရခိုင်ပြည်နယ်ဘက်ကို ထိုးစစ်ဆင်နိုင်ဖို့အတွက်လည်း မင်းတုန်းမြို့နယ် သဖန်းရောင်၊ ကံကြိုး စတဲ့ ကျေးရွာဘက်ကနေ ကြိုးပမ်းနေလို့ အာရက္ခတပ်တော်နဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။











