
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက ၁၇ မြို့ထက်မနည်းမှာ ရေကြီးနေပြီး လူပေါင်း ၂ သိန်းခွဲလောက် ရေဘေးသင့်နေသလို အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ဩဂုတ် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဧရာဝတီတိုင်းက လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ဇလွန်၊ အင်္ဂပူနဲ့ သာပေါင်း၊ မန္တလေးတိုင်းက မတ္တရာ၊ မြင်းခြံ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ စစ်ကိုင်းတိုင်းက ရွှေဘို၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး၊ ကန့်ဘလူ၊ အင်းတော်နဲ့ ကောလင်းတို့မှာ ရေကြီးနေတယ်လို့ ဆိုပါတယ်။
ဒီထဲက တချို့မြို့တွေမှာတော့ တော်တော်များများရေနစ်မြုပ်ပြီး တချို့မြို့မှာတော့ အနိမ့်ပိုင်းတွေမှာ ရေဝင်နေပြီလို့ ဆိုပါတယ်။
ရေကြီးတာကြောင့် လေးမျက်နှာမှာ ၁ ယောက်၊ ရွှေဘိုမှာ ၂ ယောက်၊ ဒီပဲယင်းမှာ ၆ ယောက်၊ ခင်ဦးမှာ ၁ ယောက် သေဆုံးခဲ့ပြီး လူပေါင်း ၂၂၄,၈၄၇ လောက် ရေဘေးသင့်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဝန်ကြီးဌာန တာဝန်ရှိသူတယောက်က “အခုက ကနဦးစာရင်းပဲ ထုတ်ပြန်တာမို့ပါ။ ဧရာဘက်မှာလည်း လယ်ဧက သောင်းနဲ့ချီပြီး ရေလွှမ်းကုန်ပါတယ်။ စစ်ကိုင်းဘက်မှာလည်း ရေဦး၊ အရာတော်ဘက်တွေက စာရင်းတွေ ထပ်ပြီးတက်နေပါတယ်။ လမ်းတံတား ပျက်စီးမှုတွေလည်း များပါတယ်။ အဓိက ကတော့ လယ်မြေတွေ ရေဝင်ရောက်တာကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ဆုံးရှုံးမှုများတာပါ” လို့ ပြောပါတယ်။
အဲဒီဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပြီး အဓိက သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါး၊ စက်သုံးဆီ၊ မိုးကာစနဲ့ ယာယီခိုလှုံရာနေရာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လာမဲ့ ဩဂုတ် ၁၂ ရက်နေ့မှာ ထိုင်းနိုင်ငံဘက်က မုတ်သုံအားမြှောင်တန်းဟာ မြန်မာနိုင်ငံဘက်ကို ရွေ့လျားမှာဖြစ်လို့ အနောက်တောင်မုတ်သုံလေ ပြန်လည်အားကောင်းလာနိုင်တယ်လို့လည်း ဆိုပါတယ်။
သံလွင်မြစ်နဲ့ မြစ်လက်တက်တွေမှာ ရေဆက်လက်မြင့်နေသလို မိုးဆက်ရွာမယ်ဆိုရင် ဧရာဝတီမြစ်ကြောင်းတလျှောက်နဲ့ မြစ်လက်လက်တွေမှာလည်း ရေထပ်တိုးနိုင်ပြီး စစ်ကိုင်း၊ မန္တလေးဘက်က မြစ်ရေဟာ အောက်ပိုင်းကို ဆက်လက်စီးဆင်းလာမှာဖြစ်လို့ မြစ်ကမ်းဘေး မြို့၊ ရွာတွေမှာ နေထိုင်သူတွေ သတိပြုကြဖို့လည်း ဆိုပါတယ်။










