
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-နောင်ကြီးအိုင်သွား ကားလမ်းပိုင်းရှိ ရွှေတိုက်ရွာနဲ့ အုပ်ရှစ်ကြီးရွာကြား လမ်းတနေရာမှာ ခရီးသွား အမျိုးသား ၂ ယောက် လုယက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၄ ရက် မွန်းလွဲ ၁၂ နာရီခန့်က ရွှေဘိုမြို့နယ်ဘက်ကနေ ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-နောင်ကြီးအိုင် သွားကားလမ်းအတိုင်း ဆိုင်ကယ်တစီးနဲ့ ပြန်လာတဲ့ အသက် ၃၀ နဲ့ ၃၅ နှစ်ဝန်းကျင် အမျိုးသား ၂ ယောက်ဟာ ရွှေတိုက်ရွာနဲ့ အုပ်ရှစ်ကြီးရွာကြား လမ်းတနေရာမှာ ငွေကြေးနဲ့ ပစ္စည်းတွေ လုယူခံရပြီး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာလို့ သိရပါတယ်။
ဒေသခံတယောက်က “သေဆုံးသွားတဲ့ ကလေးတွေက ဘုတလင်နယ်ဘက်ကလို့ ကြားပါတယ်။ ရွှေဘိုဘက်က အပြန်မှာ ခုလို ဖြစ်သွားတာပါ။ ပါလာတဲ့ ငွေကြေး ကျပ်သိန်း ၂၀၀ လောက်လည်း လုယူခံလိုက်ရတယ်လို့ ကြားရတယ်။ ဖုန်းနဲ့ ဆိုင်ကယ်တွေ ပါသွား၊ မပါသွားတာတော့ မသိရသေးပါဘူး။ လူကိုပဲ သီးသန့် ရည်ရွယ်ချက်ရှိရှိ သတ်တာလား၊ ပစ္စည်းလိုချင်လို့ လုယက်သတ်ဖြတ်တာလား ဆိုတာကတော့ တိတိကျကျ မသိရသေးပါဘူး” လို့ ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ် အရေးယူနိုင်ဖို့အတွက် ဒီပဲယင်းတိုက်နယ် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။











