DVB Logo
Home
မြန်မာသတင်း
ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ဟု မဲဆောက် သွေးသစ်ကျောင်းက ကျောင်းဆရာ ဝန်ခံ
DVB
·
July 25, 2025
ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ဟု မဲဆောက် သွေးသစ်ကျောင်းက ကျောင်းဆရာ ဝန်ခံ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ သွေးသစ် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းက ကလေးငယ်တချို့အပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခဲ့တဲ့ အသက် ၇၀ နှစ် အရွယ် မြန်မာ ကျောင်းဆရာကိုယ်တိုင် ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ကြောင်း မဲဆောက် ရဲစခန်းမှာ ဝန်ခံခဲ့တယ်လို့  ထိုင်းအာဏာပိုင်တွေက ဇူလိုင် ၂၅ ရက်မှာ ပြောပါတယ်။ 

ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်ဆိုတဲ့  မြန်မာကျောင်းဆရာ ဦးဇော်ငြိမ်းလတ်  ကိုယ်တိုင်က ဝန်ခံခဲ့တဲ့အတွက် တရားရုံးခွင့်ပြုချက်နဲ့ ထောင်ကို ပို့ဆောင်လိုက်ပြီ လို့ မဲဆောက်မြို့ရဲမှူးက ဇူလိုင် ၂၅ ရက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုခဲ့တာပါ။

အဲ့ဒီကျောင်းဆရာကို မဲဆောက်မြို့ရှိ နောင်ဘွားရပ်ကွက်မှာ သွားရောက်ခေါ်ယူပြီး  အသက် ၁၅ နှစ် အောက် အရွယ်ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်တာ၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်တာ စတဲ့အမှု ၂ ခုနှဲ့ တရားစွဲဆိုလိုက်တယ်လို့ ဆိုပါတယ်။

အသက် ၇၀ အရွယ် ကျောင်းဆရာ ဦးဇော်ငြိမ်းလတ်ဟာ တာခ့်ခရိုင် မဲဆောက်မြို့နယ် နောင်ဘွားကျေးရွာက မြန်မာရွှေ့ပြောင်းကျောင်းဖြစ်တဲ့ သွေးသစ်အထက်တန်းကျောင်းမှာ ကျောင်းသား ကျောင်းသူတချို့ကို မဖွယ်မရာပြုကျင့်ပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့ကြောင်း ဇူလိုင်လ တတိယပတ်ထဲမှာ ကလေးငယ်တွေရဲ့ မိသားစုဝင်တွေက တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဦးဇော်ငြိမ်းလတ်ဟာ လေဖြတ်ဝေဒနာခံစားနေရသူလည်းဖြစ်တယ်လို့သိရပါတယ်။ သူဟာ ကျောင်းဆောင်မှာနေတဲ့ ကလေးတွေကို ညဘက်တွေမှာ ဆေးလိမ်းခိုင်းဖို့၊ နှိပ်နယ်ခိုင်းဖို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူနေတဲ့ အခန်းကိုခေါ်ပြီး ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ ကျူးလွန်ခံသူကလေးငယ်တွေရဲ့ မိသားစုဝင်တွေက ထုတ်ပြောထားပါတယ်။

ကျူးလွန်ခံရတဲ့ကျောင်းသားတယောက်နဲ့ ဆွေမျိုးတော်စပ်သူတယောက်ကတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူ ၂၀ ဝန်းကျင်ရှိတယ်လို့ ပြောပေမဲ့ အဲဒီအရေအတွက်ကို DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ကျောင်းဆရာ ဦးဇော်ငြိမ်းလတ်ကို တာဝန်ကနေ ထုတ်ပယ်လိုက်တဲ့ အကြောင်း သွေးသစ် အထက်တန်းကျောင်းတာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ မိသားစုဝင်တွေကတော့ ကျူးလွန်ခံရတဲ့ကလေးငယ်တွေအတွက် တရားမျှတမှုရဖို့ လိုလားနေကြပါတယ်။

နစ်နာသူကလေးရဲ့ မိသားစုဝင် ကိုနေရှိုင်းက “ကျူးလွန်သူက တရားမျှတမှုရတဲ့အထိ တရားရင်ဆိုင်ပြီး ပြစ်ဒဏ်ခံကိုခံရမှာပါ။ သူ့ဟာသူ ဘယ်လောက်ပဲ နိုင်ငံရေးသမားဟောင်းပဲဖြစ်ဖြစ်၊ အမတ်ဖြစ်ခဲ့ဖူးတာတွေ။ နိုင်ကျဉ်းဖြစ်ခဲ့တာတွေက မကာကွယ်နိုင်ပါဘူး။ ထိုက်သင့်တဲ့ သူ့အပြစ် သူခံရမှာပါ။ နောက်တခု ကျောင်းအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိပဲနဲ့ ကျောင်းထုတ်လိုက်ပြီ။ ငါတို့ကျောင်းနဲ့ မဆိုင်တော့ဘူးလို့ ပြောတာသည်လုံးဝဖြစ်လို့မရပါဘူး။ အဲ့ဟာမျိုးကို ငြိမ်ခံနေမယ်ဆိုရင် တခြားကျောင်းတွေက အလားတူကိစ္စကို အများကြီးလုပ်လာမှာပါ။ အဲ့လိုမျိုးလုပ်လာနိုင်ခြင်းမရှိဖို့အတွက်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကလေးတွေကို  စစ်ရမှာပါ။ ကလေးတွေ တယောက်ချင်းစီကိုမေးပေးရမှာပါ။ အဲ့လိုမေးမှ ဘယ်လောက်အထိ ကျူးလွန်ထားရတဲ့  ကလေးတွေများနေသလဲဆိုတာကို သိရမှာဖြစ်ပါတယ်” လို့ပြောပါတယ်။

အခုလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေရှိလာတာဟာ ရွှေ့ပြောင်းကျောင်းတွေမှာ ကလေးသူငယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအစီအမံတွေနဲ့ ကလေးအခွင့်အရေးနဲ့ ပတ်သက်လို့ တာဝန်ခံ ဝန်ထမ်းတွေ ခန့်အပ်မှုအားနည်းတာတွေကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူတွေက ကျောင်းသားကျောင်းသူ၊ ဆရာ ဆရာမနဲ့ ကျောင်းသားမိဘတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ပတ်သတ်လို့ ပညာပေးတာတွေကိုလည်း စနစ်တကျလုပ်ဆောင်သင့်ပြီး ကျူးလွန်သူတွေကို ထိုင်းဥပဒေအရ အရေးယူသင့်တယ်လို့ ဆိုပါတယ်။

ထိုင်းရောက်မြန်မာတွေကို ကူညီပေးနေတဲ့ FED Foundation မှ ဦးထူးချစ်က “မဲဆောက်မှာ အခြေချရပ်တည်နေကြတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေ၊ သင်တန်းကျောင်းတွေ အဖွဲ့အစည်းတွေ အနေနဲ့ရော တနိုင်ငံလုံးမှာရှိတဲ့ ရွှေ့ပြောင်းကျောင်းတွေကို ဒီထက်ပိုပြီးတော့ စည်းမျဉ်းစည်းကမ်း တွေ ပိုပြီးတော့ တင်းကျပ်မှုတွေ ရှိလာလိမ့်မယ်လို့ တွေ့ရတယ်။ ဒါကြောင့်မလို့ ပြောချင်တာက တော့ ရွှေ့ပြောင်းပညာရေးလုပ်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေအနေနဲ့ ထိုင်းအစိုးရက လက်သင့်ခံနိုင်တဲ့ မူဝါဒရေးရာ ပေါ်လစီတွေရှိရမှာဖြစ်သလို အဲ့ဒီပေါ်လစီအတိုင်းလည်း အကောင် အထည်ဖော် ဆောင်ရွက် အပြစ်ပေးအရေးယူသင့်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ လိင်ပိုင်ဆိုင်ရာ ကျူးလွန်ခံခဲ့ရတဲ့ ကလေးတွေကို မဲဆောက်ဆေးရုံကြီးမှာ ကျန်းမာရေးစစ်ဆေးချက်နဲ့ လိုအပ်တဲ့ သက်သေခံအချက်အလက်တွေ စုပေါင်းပြီး တရားမျှတတဲ့ အမှုဖြစ်ပေါ်ရေးကို မဲဆောက်မြို့ ရဲစခန်း ရဲအမှုကိုင်သူက ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သီရိ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013