DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယားနယ်စပ် ပစ်ခတ်မှု၌ ထိုင်း ၁၄ ဦးသေဆုံး ၄၆ ဦး ဒဏ်ရာရ၊ သေဆုံးသူ ၁ ဦးလျှင် ဘတ် ၁ သန်း ပေးမည် 
DVB
·
July 25, 2025
ကမ္ဘောဒီးယားနယ်စပ် ပစ်ခတ်မှု၌ ထိုင်း ၁၄ ဦးသေဆုံး ၄၆ ဦး ဒဏ်ရာရ၊ သေဆုံးသူ ၁ ဦးလျှင် ဘတ် ၁ သန်း ပေးမည် 
Donate to DVB

ထိုင်း- ကမ္ဘောဒီးယား နယ်စပ် ပစ်ခတ်မှုမှာ ဂရုဏာကြေးအနေနဲ့ သေဆုံးသူတွေကို တယောက်လျှင် ဘတ်ငွေ ၁ သန်းစီ၊ ဒုက္ခိတဖြစ်သွားရသူတွေကို တယောက်လျှင် ဘတ် ၇ သိန်းစီနဲ့ ဒဏ်ရာရသူတွေကို တယောက် ဘတ် ၂ သိန်းစီ ထောက်ပံ့ပေးသွားမယ်လို့  ထိုင်း ဒုဝန်ကြီးချုပ် နိုင်းဖီရဖန်ဆာလိရတ်ဝိဖတ်က ဇူလိုင် ၂၅ ရက် ဒီကနေ့ အများဆိုင်ရာ ဘေးအန္တရာယ်သင့်သူများ ထောက်ပံ့ရေးကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။ 

ဇူလိုင် ၂၄  ရက်က ဖြစ်ပွါးတဲ့ ထိုင်း - ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခ ပစ်ခတ်တိုက်ခိုက်မှုမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပါအဝင်  ထိုင်းပြည်သူ အနည်းဆုံး ၁၄ ယောက် သေဆုံးပြီး ၄၆ ယောက် ဒဏ်ရာရသွားခဲ့တာလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

သေဆုံးဒဏ်ရာရသူအများဆုံးနေရာမှာ ဆီစကစ်ခရိုင်၊ ကန်ထလာရတ်မြို့နယ်။ ဘန့်ဖွီရပ်ကွက်ရှိ 7 Eleven ကုန်စုံဆိုင်မှာဖြစ်ပြီး ကမ္ဘောဒီးယားဘက်က ပစ်လိုက်တဲ့လက်နက်ကြီးကျည်ကြောင့် ကုန်စုံဆိုင်မီးလောင်သွားကာ ဆိုင်ဝန်ထမ်းနဲ့ ဈေးဝယ်သူ စုစုပေါင်း ၇ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ Thairath သတင်းမှာ ဖော်ပြပါတယ်။ 

အဲဒီထဲမှာ ၅ နှစ်ရွယ် မူကြိုကျောင်းသားလေးနဲ့ သူ့မိခင် ၊ ၁၅ နှစ်ကျောင်းသူ သူ့အစ်မလည်း ဆုံး သွားတယ်၊  ဒီမတိုင်ခင်က အဖေနဲ့ အမေဟာ သားနဲ့သမီးကို ကျောင်းကနေ သွားကြိုလာပြီး ကုန်စုံ ဆိုင်ရောက်တော့ အဖေက ရေအိမ်သွားနေတုန်း  အမေနဲ့ ကလေး ၂ ယောက်က ဆိုင်ထဲ မုန့် ဝင်ဝယ်တယ်၊ အဲဒီအချိန် ဆိုင်ပေါက်ကွဲမီးလောင်ပြီး အတွင်းထဲမှာပိတ်မိကာ မီးခိုးမွှန်ပြီး သေဆုံး သွားကြတာ၊ ခုထိဖြေမဆည်နိုင်ဘူးလို့  ဖခင်ဖြစ်သူ ခွန်ဆူရဆဒ်က သတင်းထောက်ကို ပြောပါတယ်။ 

ဒဏ်ရာရသူထဲမှာ လသားရွယ်ကလေး တယောက်နဲ့ ၅ နှစ်အောက် ကလေးတယောက်ပါပြီး လက်ရှိဆေးရုံမှာ ကုသခံယူနေပေမဲ့ ဒဏ်ရာပြင်းထန်လို့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။ 

ဆူရင်းခရိုင်၊ ကပ်ချိုင်းမြို့နယ်၊ ကျရွတ်ရွာမှာတော့ အိမ်မှာနေရင်း လက်နက်ကျည်ထိပြီး ဒဏ်ရာ ရသွားတဲ့ ၈ နှစ် အရွယ်မြေးကို အဘွားကလမ်းပေါ်ခေါ်လာကာ ငိုယိုပြီးအော်ဟစ် အကူအညီ တောင်းနေတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံခေါ်သွားပေမဲ့ မကြာခင် သေဆုံး သွားပါတယ်။ ဒါ့အပြင် အဲဒီအိမ်က  ၃၄ နှစ်ရွယ် လူငယ် တယောက်ပါ သေဆုံးပါတယ်။ 

ဆူရင်းခရိုင်ထဲမှာပဲ ဆန်ခမြို့နယ် ထိုင်းဆုန်ဘွန်းရွာက နေအိမ်တလုံးပေါ် လက်နက်ကြီး ကျည်ကျပြီး အိပ်နေတဲ့ ၂ လသားရွယ် ကလေးရဲ့ ခေါင်းကိုထိကာ သေဆုံးသွားခဲ့တယ်။ အဆိုပါ နေအိမ်လည်း လုံးဝပျက်စီးသွားတယ်လို့  Amarin TV News မှာ ဖော်ပြပါတယ်။ 

ထိုင်းပြည်ထဲ‌ရေးဝန်ကြီးဌာနရဲ့  ဇူလိုင် ၂၄ ည ၁၀ နာရီထုတ်ပြန်ချက်အရ ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၁၃ ယောက်  ၊ စစ်သည် တယောက် စုစုပေါင်း ၁၄ ယောက် သေဆုံးပြီး ဒဏ်ရာရသူ ၄၆ ယောကြ် ရှိတယ် ၊ အဲဒီထဲမှာ ပြည်သူ ၃၂ ယောက်နဲ့ စစ်သည် ၁၄ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ၄ ခရိုင်ထဲက ပြည်သူ  ၁၀၀, ၀၀၀ ကျော်ဟာ စစ်ဘေးရှောင်စခန်း ၂၉၅ ခုမှာ ခိုလှုံနေကြရပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွေဟာ ဆူရင်းခရိုင်မှာ ၆၇ ခု စစ်ဘေးရှောင် ၅၆,၀၀၀ ယောက်၊ ဆီစကစ်ခရိုင်မှာ ၅၈ ခု စစ်ရှောင် ၁၇,၁၉၆ ယောက်၊ ဘူရီရမ်ခရိုင်မှာ ၁ ခု စစ်ရှောင် ၁၇,၀၀၀ ယောက်နဲ့ ဥဘွန်းရာ့ချ်ဌာနီ ခရိုင်မှာ ၁၆၉ ခု စစ်ရှောင် ၁၀, ၄၇၆ ယောက်တို့ ခိုလှုံနေရပါတယ်။  

ကမ္ဘောဒီးယားဘက်က သေဆုံး ဒဏ်ရာရသူတွေအခြေအနေကိုတော့ ကမ္ဘောဒီးယားအစိုးရဘက်က  တရားဝင်ထုတ်ပြန်တာ မတွေ့ရသေးဘဲ ထိုင်းရတ်သတင်းမှာတော့ ကမ္ဘောဒီးယားစစ်သည် ၁၅ ယောက်ထက် မနည်းကျဆုံးကြောင်း မြေပြင်သတင်းတွေကိုးကားပြီး ဖော်ပြပါတယ်။ 

နယ်စပ် တိုက်ပွဲတွေဟာ ဒီကနေ့ ဇူလိုင် ၂၅ ထိ ဆက်ဖြစ်နေပြီး  ထိခိုက်ဒဏ်ရာရမှုတွေတော့ လတ်တလော မသိရ သေးပါဘူး။  

Source : Thairath / Amarin TV / ThaiPBS 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013