
ပိုလန်နိုင်ငံတောင်ပိုင်း၊ ခရာကော့ဗ်မြို့က အဓိကဈေးရင်ပြင်မှာ နိုဝင်ဘာ ၇ ရက်က ပစ်ခတ်မှု ဖြစ်ခဲ့လို့ လူ ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တရားခံကို ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး လက်ရှိမှာ ဆေးရုံတင်ပေးထားတယ်လို့ ရဲတပ်ဖွဲ့က X လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
ယာဉ်တစီးပေါ်က လူတယောက်က ရင်ပြင်ဆီ ဝင်လာသူတွေကို ပစ်မှတ်ထား ပစ်ခတ်နေတယ်ဆိုတဲ့ သတင်းတွေရခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေအရ တရားခံအမျိုးသားဟာ စစ်ဘက်ဆိုင်ရာပုံစံ ဝတ်စုံကို ဝတ်ဆင်ထားတယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
"ဖမ်းဖို့ ကြိုးစားချိန်က ရဲတပ်ဖွဲ့ဝင်တွေက လက်နက်တွေသုံးခဲ့ပေမဲ့ တရားခံက ပြန်ပစ်ခတ်ခဲ့တယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ယောက်လည်း ဒဏ်ရာရခဲ့တယ်"လို့ သူက ဆက်ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ်က ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ အခြေအနေတွေကို အဆက်မပြတ် သိနေတယ်လို့ X လူမှုကွန်ယက် ပေါ်မှာ ရေးထားပါတယ်။
သမ္မတ ကာရိုလ်နော်ရော့ကီကလည်း ထိခိုက်ခံစားရသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့အတူ သူ့ရဲ့ စိတ်နှလုံးက ရှိနေတယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။











