DVB Logo
Home
Lead Story
စစ်ရေးမှာပဲ လမ်းမဆုံးသင့်သော တော်လှန်ရေးခရီး
DVB
·
July 25, 2025
စစ်ရေးမှာပဲ လမ်းမဆုံးသင့်သော တော်လှန်ရေးခရီး
1 / 2
Donate to DVB

ကျနော်ရှိတဲ့ရွာမှာ ‌ရေဆန်စာကြည့်တိုက်ကနေ စတားလင့်ခ် အင်တာနက် ဝန်ဆောင်မှု စတင်ပေးနိုင်တာနဲ့ တပြိုင်နက်တည်း ရွာကလူငယ်‌တွေရော၊ ပြည်သူတွေရော ပျော်နေကြပြီ။

အင်တာနက်မရှိတဲ့ အခြေအနေဟာ ဘယ်လောက်ထိဆိုးရွားတယ်ဆိုတာ လူတိုင်းခံစား နားလည်နိုင်ကြမှာပါ။ ကျနော်ဆိုရင် စာတွေ အများကြီးမရေးနိုင်တာ အင်တာနက်ကနေ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ၊ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပို့ချချက်တွေကို ကျနော်တို့ကျောင်းကနေ၊ ချန်နယ်ကနေ ဘာမှကို မလုပ်နိုင်တော့တဲ့အခြေအနေအထိ ဖြစ်သွားတယ်။ အဆက်အသွယ်တွေ ကောင်းကောင်းမလုပ်နိုင်ဘူး။ အစည်းအဝေးတွေ မထိုင်နိုင်တော့ဘူး။ သင်ယူမှု ဖြစ်စဥ်တွေ အကုန်ရပ်ပစ်လိုက်ရတယ်။ တခြား Wifi ရတဲ့နေရာတွေမှာ ပိုက်ဆံစျေးကြီးပေးပြီး သွားသုံးရတယ်။ အဝေးကြီး ဆိုင်ကယ်နဲ့ သွားသုံးရတယ်။ ဆီဖိုးကလည်း စျေးကြီးတယ်။ အစစအရာရာ အဆင်မပြေဘူး။ ၆ လလောက်ကြာသွားတယ်။ အခု စတားလင့်ခ်ကို သူငယ်ချင်းတွေ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ စလုပ်ဖြစ်ဖို့ကို မနည်းကြိုးစားခဲ့ရတယ်။ ဒါတောင် အကြွေးတွေ တင်နေတုန်းပဲ။ စတားလင့်ခ် လာတပ်ဆင်ပေးတဲ့ ဆရာတို့အဖွဲ့က တော်လှန်ရေး ရဲဘော်ရဲဘက်အချင်းချင်းမို့ တဝက်လောက်စိုက်ထားပေးလို့ အခုလောက်ထိ အဆင်ပြေသွားတာ။ သူတို့ရဲ့ အကူအညီက အင်မတန်အကျိုးရှိတယ်လို့ ဒီဆောင်းပါထဲကနေ ကျေးဇူးတင်စွာ အသိအမှတ်ပြု ပြောပါရစေ။

ကျနော်တို့ ထိုင်းနယ်စပ်တလျှောက် ဘုရားသုံးဆူအပါအဝင် ရွာဘက်တွေအကုန်လုံးကို အင်တာနက် ဖြတ်တောက်ခံထားရတာ နှစ်ဝက်နီးပါးရှိလာပါပြီ။ မှတ်မှတ်ရရ ဖေဖော်ဝါရီလ လောက်ကတည်းကနေ အခုအချိန်ထိပါ။ အင်တာနက်တွေဖြတ်၊ လျှပ်စစ်မီးတွေဖြတ် ကြပါတယ်။ အဲဒီလိုဖြတ်တော့ သူဌေးတွေ အာဏာ ပါဝါရှိတဲ့သူတွေ ဘာဖြစ်လဲ ဘာမှ မဖြစ်ပါဘူး။ သူဌေးတွေက ပြောကြမှပေါ့။

ဆင်းရဲသားပြည်သူလူထုတွေ၊  ကျေးလက်တောရွာတွေက လက်လုပ်လက်စားတွေရဲ့ဘဝတွေ ကတော့ အတော်ကို ခါးစည်းခံခဲ့ကြရပါတယ်။ အခုထိလည်း ခံနေရဆဲပါ။

ကျနော် ရောက်နေတဲ့ ရွာမှာလည်း ထိုနည်းတူပါပဲ။ မီးမရှိဘူး။ လိုင်းမရှိဘူး။ စာကြည့်တိုက်မရှိဘူး။ ပညာရေး အခြေခံကောင်းမွန်မှုမရှိဘူး။ ကျန်းမာရေး စောက်ရှောက်မှု ဝန်ဆောင်မှု ကောင်းမွန်စွာမရှိဘူး။ စီးပွားရေးလည်း အများအားဖြင့် မကောင်းကြဘူး။

ဒီနေရာမှာ မေးခွန်းတွေက ရှိလာပြီ။ ဒီလို အခြေခံလိုအပ်ချက်တွေကို ဘယ်သူတွေက ဖြည့်ဆည်းပေးမှာလည်း။ ဘယ်သူတွေမှာ တာဝန်ရှိလဲ။ ပြည်သူလူထုဘဝတွေဟာ ဝမ်းနည်းကြေကွဲဖို့ ကောင်းလှပါတယ်။

အပစ်ထားခံ ဘဝတွေ အမေ့လျော့ခံ ဘဝတွေသာ ဖြစ်နေပါတယ်။ ခေါင်းဆောင်တွေဟာ လက်ခုပ်တီးခံချင်ကြတယ်။ ချီးကျူးခံချင်ကြတယ်။ အဲဒီတော့ သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းတွေဟာ ထင်ပေါ်ကျော်ကြား လူကြိုက်များတာပဲ လုပ်ချင်ကြတယ်။ ဒဲ့ပြောရရင် စစ်ရေးမှာပဲ လမ်း‌ဆုံးနေတယ်။ ပြည်သူလူထုရဲ့ နေ့စဉ် စားဝတ်နေရေးနဲ့ လူမှုဒုက္ခတွေကို ပစ်ထားလိုက်ကြတယ်။ ကျနော်တချိန်က  ရေနဲ့ငါးဆိုတဲ့ ဆောင်းပါးတပုဒ်ရေးပြီး သတိပေးခဲ့တာ တခုရှိပါတယ်။ တော်လှန်ရေးမှာ ပြည်သူလူထုဟာ ရေပါ။ တော်လှန်ရေးသမားတွေဟာ ငါးပါ။ ငါးဟာ ရေထဲမှာပဲ ရှင်သန်နိုင်ပါတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ထောက်ခံမှုမပါပဲ မအောင်မြင်နိုင်ပါဘူး။ အခုဟာက ကိုယ့်ကို ရှင်သန်စေမယ့် ရေကို ကိုယ်တိုင် ခန်းအောင် လုပ်နေကြသလိုဖြစ်နေပါတယ်။

မကြာသေးမီက ဒေသတွင်းအစည်းအဝေးတခုမှ ခေါင်းဆောင်တွေက ပြောတယ်တဲ့ ရွာတွေမှာ ထူးချွန်တဲ့၊ တော်တဲ့လူငယ်တွေရှိရင် တရွာတယောက်လောက် လိုချင်တယ်လို့ ပြောတယ်တဲ့။ အဲဒါကို ကြားသိရတော့ ကျနော် မချိပြုး ပြုံးမိတယ်။

ဪ သူတို့က တမာပင်စိုက်ပြီး သရက်သီး စားချင်နေတဲ့သူတွေပဲလို့ ကျနော်မချိတင်ကဲ ရေရွတ်မိတယ်။ အုပ်ချုပ်စီမံမှု ကောင်းကောင်း မကျင့်သုံးနိုင်ပါပဲ၊ တနည်းအားဖြင့် လူငယ်တွေနဲ့ ပြည်သူလူထုကို ပစ်ထားပြီး ဘာတွေများ မျှော်လင့်နေကြတာလဲလို့ ကျနော်ခံပြင်း ဂရုဏာ ဒေါသ ဖြစ်မိတယ်။

နိုင်ငံရေးသမားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဘဘ ဟံသာဝတီ ဦးဝင်းတင်က ဆုံးမထားတာ သွားပြီးသတိရမိတယ်။

"နိုင်ငံရေးသမားမှာ ကျင့်ဝတ် ကျင့်စဉ် သုံးမျိုး ရှိတယ်။

တစ် - လူတွေနဲ့ တွေ့၊ နားထောင်ရဲရမယ်။

နှစ် - လူတွေနဲ့ တွေ့၊ ရှင်းပြရဲရမယ်။

သုံး - လူတွေနဲ့ တွေ့၊ ကူညီရဲရမယ်" တဲ့

NLD နာယကကြီး ဟံသာဝတီ ဦးဝင်းတင် ပြောခဲ့တဲ့ "ရဲ ၃ ရဲ" ဆိုတာဟာ မဟုတ်တဲ့အမှုတခုကို ဖော်ပြဖို့ သုံးတဲ့ စကားရပ် တခုမဟုတ်ဘဲ၊ နိုင်ငံရေးသမားတဦးအနေနဲ့ ပြည်သူတွေနဲ့ ကြုံတွေ့ဆောင်ရွက်မှုတွေအပေါ်မှာ ကျင့်ကြံကြိုးကုတ် အားထုတ်ရမယ့် သဘောတူညီချက် တခုလည်း ဖြစ်နေတာတွေ့ရပါတယ်။

သတင်းစာဆရာကြီး ဘဘ ဟံသာဝတီ ဦးဝင်းတင်ရဲ့ နိုင်ငံရေးသဘောထား အဓိပ္ပါယ် တွေလည်းဖြစ်ပါတယ်။ သူ့ရဲ့စကားမှာ "ရဲ" ဆိုတာက "ရဲရဲ" လုပ်ဖို့" ၊ "ရဲရဲထွက်ဖို့" ဆိုတဲ့ အဓိပ္ပာယ်တွေဖြစ်ပြီး အခုလိုလည်း အဓိပ္ပာယ်ကောက်ယူလို့ရပါတယ်။

၁။ ပြည်သူနဲ့ တွေ့ရဲရမယ်

ပြည်သူ့အကြားထဲကို ဝင်ရဲရမယ်။ ပြည်သူကို ရှောင်မနေဘဲ သွားတွေ့၊ စကားပြောရဲဖို့။

၂။ ပြည်သူအတွက် ပြောရဲရမယ်

ပြည်သူအတွက် မိမိအသံနဲ့ မိမိသဘောထား ပြောရဲဖို့။ မတရားမှုတွေ၊ အာဏာရှင်နဲ့တိုက်ဖို့ ရဲရဲနဲ့ ပြောဆိုရဲဖို့။

၃။ ပြည်သူအတွက် လုပ်ရဲရမယ်

လက်တွေ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ ပြည်သူအတွက် မနက်ဖြန် တည်ဆောက်ဖို့အတွက် တာဝန်ယူ ရဲရဲလုပ်ဖို့။

အဓိပ္ပာယ် အနှစ်ချုပ် "ရဲ ၃ ရဲ" ဆိုတာဟာ

  • ပြည်သူနဲ့ တွေ့ရဲခြင်း
  • ပြည်သူအတွက် ပြောရဲခြင်း
  • ပြည်သူအတွက် လုပ်ရဲခြင်း

ဒီစကားလုံးတွေဟာ ဘဘ ဦးဝင်းတင်ရဲ့ ရိုးသားမှု၊ ရဲရဲဝံ့ဝံ့နဲ့ တာဝန်ရှိသူတဦးအဖြစ် ရပ်တည်မှုကို ပြသတဲ့ ဝေါဟာရတွေပါ။ သတိတရနဲ့ မေ့မနေအောင် ပြန်ပြောရရင် ပြည်သူ့အတွက်တွေ့ရဲ / ပြောရဲ / လုပ်ရဲ၊ ရဲသုံးရဲ‌ ဆောင်မှ တကယ့်ခေါင်းဆောင်ဖြစ်ကြမှာလို့ တိုက်တွန်းရင်း ကျနော့် ဆောင်းပါးကို အဆုံးသတ်ပါရစေ။

ချစ်မင်းနွဲ့ကြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013