DVB Logo
Home
ဆောင်းပါး
DVB  သတင်းထောက် ၃၃ နှစ်မြောက် 
DVB
·
July 24, 2025
DVB  သတင်းထောက် ၃၃ နှစ်မြောက် 
Donate to DVB

တပ်တော်ကျောင်းသား၊ ပြန်ကြားရေးမှ

ကြားဖြတ်သတင်း၊ စက်သတင်းထဲ

စစ်ပွဲသတင်း၊ တောသတင်းရ

မြစ်တွင်းဖြတ်ကာ၊ မြို့သို့လာ၍

ရေးသာပို့ရ၊ Fax က မကောင်း

စာကြောင်းမြင်ရုံ၊ ရင်ခုန်တုန်သော်

အော်စလို ပို့၊ ကြေညာဖို့ကို

ရေဒီယိုမှာ၊ ကျနော်ပါခဲ့

၃၃ နှစ် မြောက်ခဲ့ပါပြီတကား။ ။

၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်က DVB ဒီမိုကရက်တစ် မြန်မာ့အသံကို စတင်ထုတ်လွှင့်ခဲ့တာ အခုဆို ၃၃ နှစ် ရှိပြီ။ ကျနော့်ရဲ့ သတင်းထောက် သက်တမ်းလည်း ၃၃ နှစ်ပေါ့။ ၈၈၈၈ က စပြီး နိုင်ငံရေးတော်လှန်ရေး ကကြီး ခကွေး တွေသိလာတဲ့ ကျနော်ပါ။ တောခိုစကတော့ သတင်းထောက်လုပ်ဖို့ မဟုတ်ဘူး။ လုပ်ဖို့လည်း မစဉ်းစားခဲ့ဘူး။ သတင်းထောက် ဖြစ်လာလိမ့်မယ်လို့လည်း တွေးတောင်မှ မတွေးမိခဲ့ပါဘူး။ အခုတော့ ၁၉၉၂ ဇူလိုင် ၁၉ ရက် DVB သတင်းဌာနရဲ့ ငယ်မွေးခြံပေါက် ဖြစ်ခဲ့ရတဲ့ ကျနော်ဟာ အခု ၃၃ နှစ်ကြာထိတိုင် သတင်းထောက် ဆက်ဖြစ်နေတာကို ဖြတ်ကနဲစဉ်းစားလိုက်မိတော့ ကိုယ့်ကိုယ်ကိုတောင် အံ့ဩမိလာတယ်။ ဒီနေ့တော့ ၃၃ နှစ်ပြည့် DVB သတင်းထောက်ဘဝကို ပြန်ကြည့်စို့။

DVB ပထမဆုံး သတင်းထောက်သင်တန်း

သင်တန်းတက်ရန်၊ တော်လှန်တပ်စုံ

အဖွဲ့စုံမှ၊ လာကြစုံသား

သတင်းသမားလောင်းကလေးများ။ ။

Field Reporter Training for DVB ကို ၁၉၉၂ ခုနှစ် ဇွန်လ ၁ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့သည်အချိန်မှာ DVB စ မလွှင့်သေးပါ။ သင်တန်းက ၁ လ ကြာတယ်။ ဘန်ကောက်မြို့ထဲက ဟောခန်းတခုကို ငှားဖွင့်တာပါ။ ကျနော်တို့သင်တန်းပြီးမှ DVB ရေဒီယို စလွှင့်ပါတယ်။ ကျနော်တို့က ABSDF ကျောင်းသားတပ်မတော်ကနေ သွားတက်ကြတာပါ။ ရှင်းပြချင်တာက DVB စ ပေါ်ပေါက်လာတာဟာ ၈၈၈၈ ကနေလာတဲ့ တော်လှန်ရေးကြီးကို မြစ်ဖျားခံပါတယ်။ အဲ့သည်အချိန်မှာ KNU, KIA စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးတွေက ရှေ့ဆောင်ပြီး ကျောင်းသားတပ်မတော်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စတဲ့ အဖွဲ့တွေအားလုံးပေါင်းပြီး တပ်ပေါင်းစုကြီး ဖွဲ့ထားပါပြီ။ ပထမက DAB တပ်ပေါင်းစုကြီးပေါ့။ NCGUB ညွန့်ပေါင်းအစိုးရလည်း ရှိနေပြီ။ စစ်အာဏာရှင်တွေက "မြန်မာ့အသံ" ကနေ မမှန်သတင်းတွေ လွှင့်နေတယ်။ ငါတို့တော်လှန်ရေးက သတင်းမှန်တွေ လွှင့်မယ်ဆိုပြီး ရေဒီယို စထောင်ကြတာပါ။ DVB ရေဒီယိုပေါ့။ ၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ စလွှင့်ပါတယ်။ ဒါပေမဲ့ ပထမဆုံး သတင်းထောက်သင်တန်း အတွက်ကတော့ ၁၉၉၂ ဇွန် ၁ ရက်က စခဲ့ကြတာပါ။ သင်တန်းမှာ KNU လူ့ဘောင်သစ် ABSDF ( ၂ ဖွဲ့ကွဲနေချိန်) ၂ ဖွဲ့စလုံးက လာကြသူများ စတဲ့ အဖွဲ့အသီးသီးက သတင်းထောက် လောင်းကလေးတွေ တက်ခဲ့ကြတယ်။ ဒါပေမဲ့ သတင်းထောက် ဆက်ဖြစ်လာတာကတော့ ကျနော်နဲ့ အခု အမေရိကန်မှာ ရောက်နေတဲ့ ကို သိန်းထိုက်ဦးပါ။

ဖာပွန်မြို့နယ် သံလွင်မြစ်ဘေးမှ သင်တန်းတက်ဖို့ ဘန်ကောက်သို့သွားခြင်း

သိပ်တောင် မမှတ်မိချင်တော့ဘူး။ သံလွင်မြစ်ဘေး (သံလွင်စခန်းကနေ) သော်လဲထရွာကို ကျနော်တို့ စက်လှေ တနာရီခွဲလောက် စီးရတယ်။ သံလွင်မြစ်ဟာ အတော်အေးလှတယ်။ ဘေးတဖက်တချက်စီက သဲသောင်ဝါဝါတွေပေါ့။ တချို့နေရာတွေက မြစ်ကြောင်းကျယ်တယ်။ တချို့နေရာတွေတော့ ကျဉ်းကျဉ်း။ တခါတခါ ကမ်းဘေးမှာ ဝါးဖောင်ပေါ် အိမ်လုပ်နေကြသူတွေ တွေ့တယ်။ ခပ်ရှားရှားပါ။ မြစ်ဘေးမှာ ဖရဲသီးခင်းတွေ၊ ဆေးရွက်ကြီးခင်းတွေလည်း စိုက်ကြတယ်။ ထူးခြားတာက ထိုင်းဘက်ကမ်းမှာ ကျွန်းပင်ပျိုတွေက တောထ ယိမ်းထိုး အစီအရီစိမ်းစိမ်း ညို့ညို့ မို့မို့ မှိုင်းမှိုင်း ရှုတိုင်းသာစွပေါ့။ သံလွင်တဖက်ခြမ်း မိခင်တိုင်းပြည်ကမ်းတလျှောက်ကတော့ ငုံးစိစိ တောင်ဂတုံးတွေ သက်သက်ပေါ့။ ခုတ်သူတွေပဲရှိကြတယ်။ ပြန်စိုက်သူ လုံးဝမရှိ။ ဒီလိုနဲ့ သော်လဲထ (မဲ့စမ်ပလက်ရွာ) ထိုင်းဘက်ကမ်းကိုရောက်ပြီ။ ထိုင်းယောင်ဆောင်နေတဲ့ ရွာကလေးပါ။ အဲ့သည်ရွာကနေ ထိုင်းလူမျိုး (ဗမာလို တလုံးစ နှစ်လုံးစ တတ်သူရဲ့) ကားနဲ့ ကျနော်တို့ DVB သတင်းထောက်လောင်းကလေးတွေ ခရီးစပြီ။ မဲ့စလီးယန်းမြို့ကို ဝင်တယ်။ ရိပ်ကနဲ ရိပ်ကနဲ ဖြတ်လာပြီး ချင်းမိုင်ကို သွားမတဲ့ “ပိုင်း ချင်းမိုင်”  ဆိုတဲ့စကား စကြားဖူးတယ်။ ချင်းမိုင်ကတော့ မြို့။ ပိုင်းက ဘယ်လဲ။ သွားတာ။ သိသွားပြီး ထိုင်းစကား တလုံး။ အဲ့သည်ကစ ထိုင်းနိုင်ငံ သတင်းထောက်ဘဝ ရောက်လာလိမ့်မယ်လို့ မတွေးမိခဲ့ဘူး။ ဒါပေမဲ့ ထိုင်းမှာ အခြေစိုက် နယ်စပ် အခြေစိုက် သတင်းထောက်အဖြစ် နှစ် ၃၀ ကျော်ပြီ။ ချင်းမိုင်သွားတာ ချင်းမိုင်မရောက်ခင် ကားသမား ငှက်ဖျားတက်တယ်။ HOT ဟော့တ် မြို့မှာ တညအိပ်။ မနက်ဆက်ထွက် ချင်းမိုင်ရောက် ကားပြောင်းပြီး ဘန်ကောက်ကိုရောက် အဲ့သည်မှာ ဆရာ ဦးဝင်းအောင် VOA က လာသင်ပါတယ်။ ပထမ ကတော့ ကြေးမုံဦးသောင်း လာဖို့ပါ။ သူမအားတာနဲ့ ဘန်ကောက်မှာ VOA ကို အလုပ်ဝင်ဖို့ ပြင်နေတဲ့ ဆရာဦးဝင်းအောင်က အသင့်ရှိနေတာ့ အစားထိုးဝင်သင်တာပါ။ ကျနော်တို့ရဲ့ ပထမဆုံး ဆရာက ဦးဝင်းအောင်၊ နောက်တယောက် The Nation သတင်းစာတိုက်က ဆရာ ရပ်ဘချိုကလည်း လာသင်သေးတယ်။ နောက်ထပ် သင်တန်းတခုမှာကျတော့ BBC ဦးအောင်မြင့်ထွန်းလာသင်ပေးတယ်။ ကျနော် အောင်မြင့်ထွန်းပါ။ ကျနော်မောင်တူးပါ ဖြစ်လာတာက သူ့ကြောင့်ပေါ့။ ကျမ တင်ထားဆွေပါ ဆိုတာလည်း BBC မှာ ကြားနေရတယ်လေ။ အဲ့သည် ဆရာမကိုလည်း တုတယ်။ ကျမ ယဉ်ယဉ်မေပါ။ အိုင်အမ် ခရစ္စတိုဖာဂါးနက် ဆိုတာတွေကို တုပတာပေါ့။ သင်ဆရာ မြင်ဆရာ ကြားဆရာတွေလေ။ ဒီဗွီဘီစလွှင့်ပြီး ၃ နှစ်လောက်အကြာ ဦးအောင်မြင့်ထွန်းရဲ့ သင်တန်းကို ချင်းမိုင်မှာလုပ်တယ်။ သင်တန်းကို အတူတက်ခဲ့သူတွေထဲက အခုထိ သတင်းဌာနမှာ ဆက်လုပ်ဆဲသူကတော့ ကိုရဲနည် ဧရာဝတီသတင်းဌာနက အယ်ဒီတာ ဖြစ်ပါတယ်။

DVB စလွှင့်တဲ့နေ့

၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ မှာ DVB ရဲ့ ပထမဆုံး အသံလွင့် တာကို စတင်ပါတယ်။ ကျနော်တို့ သတင်းထောက်လောင်းတွေ ဘန်ကောက်က သင်တန်းပြီးလို့ ကျောင်းသားတပ် ဌာနချုပ်ကို ပြန်ရောက်စပေါ့။ ည ၉ နာရီ ၂၅ မှာ စမယ်။ ရေဒီယိုတွေ လိုင်းဖမ်းဖို့အသင့်စောင့်နေကြပြီ။ ရင်ခုန်စွာပေါ့။ ပထမဆုံး သီချင်းလာတယ်။ X X လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ X X ရအောင်တိုက်မယ် ဒီဗွီဘီ X X မဝေးတော့တဲ့ အနာဂတ်တခေတ်ဆီ X X လွတ်လပ်တဲ့ ခေတ်တခေတ်ကို မျှော်ရည် X XX XX XX XX XX XX XX X အမှောင်လွမ်းတဲ့ ခေတ်မှသည် X X ချီတက်လို့ ရှေ့သို့ရည် X X ဒီမိုကရက်တစ် မြန်မာ့အသံ X X ပြည်သူများအတွက် လွှင့်ပျံလာခဲ့ပြီ X X အဲ့သည့်နောက် မသီတာက စတင် ကြေညာပါတယ်။

“ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အသံလွှင့်ဌာန ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က စတင် အသံလွှင့်နေပါပြီ” ဆိုပြီးစပါတယ်။ ပထမဆုံး စကားပြောတာလား ဆောင်းပါးဖတ်တာလား တခုခု ဖတ်သူကတော့ ဦးအောင်ထူးပါ။ ဦးအောင်ထူးဟာ အခုအထိ ဥပဒေရေးရာတွေ လုပ်နေဆဲပေါ့။ အစပိုင်းမှာ တနေ့ကိုမှ ညပိုင်း ၂၅ မိနစ်သာပဲ လွှင့်ခဲ့တယ်။ နောက်တော့ မနက်ရော ညရော လွှင့်လာပြီး ဒီလိုနဲ့ စခဲ့တဲ့ နော်ဝေးမှာ အသံလွှင့်ဌာနချုပ် ထားခဲ့တဲ့ DVB ကို ၂၀၀၅ ခုနှစ် မေလ ၂၅ မှာ ရုပ်သံအဖြစ် တိုးချဲ့ ထုတ်လွှင့် ခဲ့ပါတော့တယ်။

DVB ရုပ်သံနဲ့ ယနေ့အထိ ခရီး

ရုပ်သံလွှင့်တာတောင်မှ နှစ် ၂၀ ရှိပြီ။ ပထမပိုင်း ရုပ်သံကို စနေ တရက်သာ လွှင့်ပါတယ်။ တနင်္ဂနွေမှာ Repeat စနေက လွှင့်ထားတဲ့ဟာကို ပြန်လွှင့်တယ်။ တီဗွီမှာလည်း အမှတ်ရစရာတွေက များပါတယ်။ မှတ်မှတ်ရရ ရွှေဝါရောင် တော်လှန်ရေးစတင်တဲ့ ၂၀၀၇ စက်တင်ဘာ သတင်းတွေဟာ DVB ကို ပိုနာမည်ကြီး လာစေတာပေါ့။ DVB ကို ပိုထင်ရှားလာစေခဲ့တာပေါ့။ “ကျနော်ဆွဲဖွင့်မိသောတံခါးများ’နဲ့ ကျနော်နေဇော်နိုင်ပါ ဆိုတာကို ပရိသတ်တွေတွဲပြီး မှတ်မိလာတယ်။ ကိုပီတာအောင်နဲ့ မမိုးမြင့်ဇင်ရဲ့ အင်တာနက်စာမျက်နှာ ကဏ္ဍမှာတုန်းကဆို မမိုးမြင့်ဇင်ရဲ့ ကိုပီတာရေ့ ဆိုပြီး အစချီတဲ့ဟန်တွေကလည်း ထူးခြားခဲ့ပေါ့။ ကျမ ခင်မင်းဇော်ပါ ရှင်းးး ဆိုတဲ့ သတင်း အဆုံးသတ်ဟန်ကလည်း တော်တော့်ကို ထူးနေခဲ့ဖူးတယ်။ Talk 2 DVB ပေးစာပြန်စာ အစီအစဉ်နဲ့ မသီတာကိုလည်း တွဲပြီး မှတ်မိလာခဲ့ကြတာပေါ့။ တခြားဝန်ထမ်းတွေ ခွင့်ယူထားလို့ အော်စလိုဌာနချုပ်မှာ ပေးစာဖတ်ချိန်မှာ ၂ ယောက်ဖတ်မှ ရတာကြောင့် ဒါရိုက်တာ ကိုအေးချမ်းနိုင်ကို တခါတခါ ဝင်ဖတ်စေတာမျိုးရှိတယ်။ အဲ့ဒါလေးတောင်မှ ပရိသတ်က သူ့ကို မှတ်မိတယ်။ DVB ဒါရိုက်တာ ကိုအေးချမ်းနိုင် နော်ဝေကနေ မဲဆောက်ကိုလာတော့ မဲဆောက်ဈေးက ဈေးသည်တွေက ဒီဗွီဘီက စာဖတ်တဲ့လူကြီးဆိုပြီး ဝိုင်းပြောကြဖူးတယ်။ ကိုအေးချမ်းက ငါ တခါ တလေစာဝင်ဖတ်တာလေးကို ပရိသတ်က မှတ်မနေသားဟ ဆိုပြီး ခပ်ပြုံးပြုံး တအံ့တဩနဲ့ ပြန်ပြောပြဖူးတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လွတ်ချိန် (၂၀၁၀ ခုနှစ်လောက် ထင်ပါတယ်) လူထုတွေ့ဆုံပွဲမှာလည်း လူတွေက များလွန်းတော့ ဒေါ်စုပြောတာကို နောက်ပိုင်းလူတွေက မကြားရဘူး။ အဲ့သည်လို မကြားရသူတွေက ချက်ချင်း အိမ်ပြန်ကြမယ်။ အိမ်မှာ DVB တီဗွီမှာ ပြန်ကြည့်ကြမယ်ဟေ့။ အခုလောက်ဆို DVB က ဒေါ်စု ပြောတာတွေ live လွှင့်နေပြီ ဆိုပြီး ပြန်သွားကြဖူးတယ်။ နောက်ပိုင်းမှာ Live ထုတ်လွှင့်တဲ့ အစီစဉ်တွေ ဆက်တိုက် ဖြစ်ပေါ်လာပြီပေါ့။ ပြည်သူက DVB ကို အားကိုးတယ်။ အားထားတယ်ဆိုတာ ပေါ်လာတာပါ။ ကိုသန်းဝင်းထွဋ်၊ မယမင်းမြတ်အေး၊ ကိုမျိုးသာထက်၊ ကိုနေသွင်ညိဏ်း စတဲ့ စတဲ့ သူတွေရဲ့ Debate အမျိုးမျိုးတွေ၊ အင်တာဗျူးတွေ၊ Talk Show တွေ၊ ခေတ်ပြိုင်ကောက်ကြောင်း၊ ပညာရေး၊ DVB Weekly News Digest ၊ ကျန်းမာရေး၊ တနာရီတကြိမ် Update သတင်းအစီအစဉ်၊ အမျိုးသမီးရေးရာစတဲ့ အစီအစဉ်အများအပြားဟာ DVB တီဗွီမှာ ပေါ်ထွက်လာခဲ့ပြီပေါ့။ လွန်ခဲ့သော ၃၃ နှစ်က ၂၅ မိနစ်စာ ရေဒီယိုကလေးနဲ့ စခဲ့ပြီး အခုတော့ Multimedia သတင်းဌာနကြီး ဖြစ်နေပြီပေါ့။

နှင်းတောင်ပေါ်ကအသံ

တောင်ပေါ် တောင်ဆင့်၊ တောင်မြင့်မြင့်ထက်

တိမ်ပွင့် ထီးဆောင်း၊ တောင်နှာမောင်းဟု

တောင်စောင်း တောင်တန်း၊

တောင်ခါးပန်းဝယ်၊ တောထွေထွေသည်

တိမ်ခြေ ငွေနှင်းပေါင်းတို့နှင့် တကား။

အေးလည်းအေးမြ၊ သုညအောက်ရောက်

ငွေနှင်းစိုစွတ်၊ ငွေတောင်ထွတ်က

ပြိုညွတ်ကျလေ ယောင်တကား။

နော်ဝေ ဆွီဒင်၊ နှင်းတောင်မြင်၏

စကင်ဒီနေဗီယန်၊ နှင်းတောင်ယံက

အသံလွှင့်လှိုင်း၊ ငါတို့တိုင်းသို့

သမိုင်းသစ်ချီ၊ ဒီမိုကရေစီအတွက်

အောင်စည် ဟိန်းစေခဲ့ပြီတကား။ ။

(တင်မိုး) ၅၊ အောက်တိုဘာ၊ ၁၉၉၉ အင်္ဂါနေ့ နံနက်ခင်း

ကဗျာဆရာကြီး တင်မိုးဟာ ၁၉၉၉ ထောင်ကလွတ်ပြီး DVB အော်စလိုဌာနချုပ်မှာ လရှည်နေပြီး အသံလွှင့်သွားခဲ့ဖူးပါတယ်။ ဒါလည်း သမိုင်းတစပါပဲ။ အဲ့သည်အချိန်က "နှင်းတောင်ပေါ်က အသံ" ကဗျာကို ရေးခဲ့တာပါ။

စစ်အာဏာသိမ်း မယိမ်းယိုင်ခဲ့သော DVB 

အေးချမ်းပြီဆိုပြီး ပြည်တော်ပြန်ခဲ့တဲ့ DVB ဟာ ၂၀၂၁ စစ်အာဏာသိမ်းအပြီး အခက်အခဲတွေ ကြုံခဲ့ကြရပါတယ်။ ဒါပေမဲ့  ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ရောက်ရာနေရာမှာ ရသလို ကြိုးစားသတင်းတွေယူ၊ ကြိုးစားပေးပို့၊ ကြိုးစားထုတ်လွှင့် နိုင်ခဲ့ကြပါတယ်။ စစ်အာဏာရှင်တွေက သတင်းသမားတွေကို ပျောက်ကွယ်သွား စေချင်ခဲ့ပေမဲ့ ဒီနေ့ထိ ပိုမိုတိုးတက် ရပ်တည်နိုင် နေကြပါတယ်။ အခုကာလမှာလည်း အခက်အခဲမျိုးစုံနဲ့ အတူ ဆက်လက် ချီတက်နေကြတုန်းပါပဲ။ အခု ၂၀၂၅ ခုနှစ် ဇူလိုင် ၁၉ ရက် ကျရောက်တဲ့ DVB ၃၃ နှစ်ပြည့်မှာတော့ ၃၃ နှစ် ခရီးရှည်ကြီးအတွင်း ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်မိပါတယ်။ ၃၃ နှစ်အတွင်း ကူညီခဲ့ကြသူတွေ အထောက်အပံ့ပေးခဲ့ကြသူတွေ တာဝန်ထမ်းခဲ့၊ ထမ်းဆောင်ဆဲ DVB ဝိုင်းတော်သူ ဝိုင်းတော်သားတွေ၊ လုပ်ဖော်ကိုင်ဖက်အဟောင်း အသစ်တွေ၊ သတင်းရင်းမြစ်တွေနဲ့  DVB ပရိသတ် မြန်မာပြည်သူတွေ အားလုံးတို့ဟာ ကျေးဇူးတင်ထိုက်သူတွေပါ။ အဆုံးသတ် ရရင်တော့ မြန်မာပြည်ရဲ့ နား မျက်စိ ပြောဆိုပိုင်ခွင့်တွေကို ပြည်သူ့ကိုယ်စား ၃၃ နှစ်တိုင်တိုင် ဖွင့်ပေးနေတဲ့ DVB ဟာ ဆရာတင်မိုး ကဗျာထဲကလိုပဲ

"အသံလွှင့်လှိုင်း၊ ငါတို့တိုင်းသို့

သမိုင်းသစ်ချီ၊ ဒီမိုကရေစီအတွက်

အောင်စည်ဟိန်းစေ ဆက်ချီတက်နေဦးမှာသာဖြစ်ပါတယ်။ ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013