
ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ လက်ရှိကျင်းပနေတဲ့ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နိုင်ငံတကာပွဲစဉ်တွေကနေ အနားယူတော့မယ်လို့ ညီမဖြစ်သူ ကာတီယာ အဗေရိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက် ဒီကမ္ဘာ့ဖလားဟာ ပေါ်တူဂီအသင်းနဲ့ နောက်ဆုံးပွဲစဉ်တွေ ဖြစ်လာတာပါ။
လက်ရှိမှာ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၂၃၂ ပွဲ ကစားထားပြီး နိုင်ငံတကာပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမား ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီကမ္ဘာ့ဖလားမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ဒီအာရ်ကွန်ဂိုနဲ့ ၁-၁ သရေပွဲအပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ ဥဇဘက်ကစ္စတန်နဲ့ပွဲမှာ ၂ ဂိုးသွင်းယူပြီး ကမ္ဘာ့ဖလား ၆ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။ ဒီပွဲအပြီးမှာ ရော်နယ်ဒိုက "ကျနော် ပြန်လာပါပြီ။ ဘုရားသခင်က ကြိုးစားသူတွေကို ကူညီတယ်။ ခက်ခဲတဲ့ ရက်သတ္တပတ်တခုပါ" လို့ ပြောကြားခဲ့ပါတယ်။
ဒီနေ့မနက် ခရိုအေးရှားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာလည်း ရော်နယ်ဒိုက ပင်နယ်တီကနေ တဂိုးသွင်းပေးခဲ့လို့ ပေါ်တူဂီအသင်း နောက်တဆင့်ကို တက်ရောက် နိုင်ခဲ့ပါတယ်။










