DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် စစ်တပ်စစ်ကြောင်းက ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၅၀ နီးပါး မီးရှို့
DVB
·
July 24, 2025
ပခုက္ကူတွင် စစ်တပ်စစ်ကြောင်းက ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၅၀ နီးပါး မီးရှို့
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်အတွင်း ဇူလိုင် ၁၄ ရက်ကစလို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ ၃ ယောက်ထက်မနည်းကို အကြောင်းမဲ့ သတ်ဖြတ်သွားကြသလို လူနေအိမ် ၁၅၀ နီးပါးကိုလည်း မီးရှို့ ဖျက်ဆီးသွားခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူလူထုတိုက်ပွဲကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ကိုစိုးထွဋ်က “မြစ်ခြေအရှေ့ဘက်ခြမ်းကို သူတို့ဘက်က စစ်ကြောင်းထိုးနေတာတော့ ၁၀ ရက်လောက်ရှိနေပြီ။ ကျီးပင်ကုန်း‌၊ ညောင်ပင်၊ အရှေ့နံဂါတ်၊ အနောက်နံဂါတ် အဲဒီရွာတွေဘက်။ အဲဒီရွာတွေက အောင်သာပျူရွာနဲ့ သိပ်မဝေးလှဘူး။ စစ်ကြောင်းမှာက အင်အားက ၂၀၀ နီးပါးပါမယ်။ မီးရှို့ခံရတဲ့ရွာတွေက အနောက်နံဂတ်နဲ့ ညောင်ပင်ရွာ ၂ ရွာ။ အနောက်နံဂတ်ရွာက အိမ်အလုံး ၆၀ ကျော်နဲ့  ညောင်ပင်ရွာက အိမ်အလုံး ၈၀ ကျော်ဆိုတော့ ၂ ရွာပေါင်း ၁၅၀ နီးပါးပေါ့။ အသတ်ခံရတဲ့ ပြည်သူ အလောင်း ၃ လောင်း တွေ့ထားတယ်။ အဲဒီရွာတွေထဲက ရွာခံတွေလည်း စစ်ကြောင်း စဝင်ကတည်းက ထွက်ပြေးနေကြတာ ၁၀ ရက်လောက်ရှိပြီပေါ့။ အသတ်ခံရတဲ့သူတွေက သူတို့ရွာတွေကနေ ထွက်ပြေးနေကြသူတွေပါ။ ရွာတွေထဲမှာ ကျန်ခဲ့တဲ့ နွားတွေကို အစာပြန်ကျွေးရင်း စစ်ကြောင်းနဲ့တိုးလို့ အဖမ်းခံရပြီးတော့မှ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာလို့ သိရတယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခံခဲ့ရသူတွေဟာ ကျီးပင်ကုန်းကျေးရွာက ဦးဌေးကျော်၊ အနောက်နံဂါတ်ကျေးရွာက ဦးစိုးမင်း နဲ့ ဦးဝင်းဌေး တို့ ဖြစ်ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

ဇူလိုင် ၂၀ ရက်ဝန်းကျင်တွေမှာ အဲဒီစစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသေးတယ်လို့လည်း ဆိုပါတယ်။

ABSDF Column 3 ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီစစ်ကြောင်းက ပြည်သူပိုင်​အိမ်တွေကို မီးရှို့ပြီးတော့ ကျွန်းကလေးရွာနားမှာ အောင်ပွဲခံပြီး မူးရူးနေတဲ့အချိန် ကျနော်တို့ဘက်က ဝင်ပစ်တော့ သူတို့ဘက်ကလည်း မူးမူးရူးရူးနဲ့ ပြန်ပစ်တယ်။ သူတို့ဘက်ကအ ထိနာပြီးတော့ အောင်သာပျူရွာဘက် သွားပေါင်းတယ်”လို့ DVB ကို ပြောပါတယ်။

ဇူလိုင် ၂၃ ရက်အထိ စစ်ကောင်စီစစ်ကြောင်း ​ရှိနေသေးတဲ့အတွက် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပုဂံမြို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မယ်လို့ သတင်းထွက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ ဇူလိုင်လဆန်းပိုင်းကစလို့ ပုဂံညောင်ဦးမြို့နယ် အပါအဝင် နယ်မြေချင်းထိစပ်နေတဲ့ ပခုက္ကူ၊ ကမ္မမြို့နယ်တွေထဲအထိ ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်၊ ၉ ရက်နဲ့ ၁၂ ရက်နေ့တွေကလည်း ညောင်ဦးမြို့နယ်ထဲက ယာတောကြီး၊ ချောင်းရှည်၊ အနောက်အုံ၊ မြောင်၊ ဇီးစမြင်၊ ကျောက်ပြင်ကန်၊ မီးလောင်ဖျား(တောင်)၊ မီးလောင်ဖျား(မြောက်)၊ ရွာသစ်ဥယျာဥ် စတဲ့ကျေးရွာတွေက လူနေအိမ်တွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် လူနေအိမ် ၄၀၀ နီးပါး မီးလောင် ပျက်စီးခဲ့ရသေးတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013