
ဘရာဇီးလ် ဖက်ဒရယ်တရားရုံးချုပ်ဟာ ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေကို ရင်ဆိုင်နေရတဲ့ သမ္မတဟောင်း ဂျိုင်ရ်ဘော်လ်ဆိုနာရိုအပေါ် ကန့်သတ်မှုအသစ်တွေ ချမှတ်ခဲ့ပြီး ဇူလိုင် ၂၁ ရက်မှာ တရားရုံးအမိန့်အရ ခြေရာခံနိုင်တဲ့ ခြေချင်း ဝတ်ဆင်စေခဲ့ပါတယ်။
ဘောလ်ဆိုနာရိုဟာ ဘရာဇီးလီးယားမြို့ရှိ အမျိုးသားလွှတ်တော်မှာ လစ်ဘရယ်ပါတီရဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးနောက် သတင်းထောက်တွေနဲ့ ပြောဆိုနေချိန်မှာပဲ စောင့်ကြည့်ခြေရာခံစက်ပါတဲ့ ခြေကျင်း ဝတ်ဆင်ခံထားရတာကို သတင်းမီဒီယာတွေဆီ ပြသခဲ့ပါတယ်။
ဘရာဇီးလ်တရားရုံးချုပ်ဟာ ဇူလိုင် ၁၈ ရက်က ဘော်လ်ဆိုနာရိုရဲ့ နေအိမ်ရှာဖွေခွင့် ဝရမ်းနဲ့ ဘော်လ်ဆိုနာရိုကို လှုပ်ရှားသွားလာမှု တားမြစ်မိန့် ထုတ်ပြန်ခဲ့ပြီးတော့ သူဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် ပါဝင်စွက်ဖက်လာအောင် ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲချက်တွေ ရှိတာကြောင့်လည်း နိုင်ငံခြားအရာရှိတွေနဲ့ အဆက်အသွယ်လုပ်ခွင့်ကို တားမြစ်ထားပါတယ်။
တရားရုံးဟာ ထွက်ပြေးနိုင်ခြေအန္တရာယ် ပိုများလာတာကို တွေ့ရှိပြီးနောက်မှာ အေးဂျင့်တွေဟာ သူ့အိမ်ကို ရောက်လာပြီး အီလက်ထရောနစ် ခြေရာခံ ခြေချင်းစက်ကို လာဝတ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
အာလ်ထရာ ကွန်ဆာဗေးတစ် ခေါင်းဆောင် ဘော်လ်ဆိုနာရိုဟာ လက်ရှိမှာ သမ္မတ လူးဝစ်ဇ် အင်နာစီယို လူလာဒါဆီးလ်ဗားကို အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ဦးဆောင်နေကြောင်း စွပ်စွဲခံထားရတဲ့ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ရင်ဆိုင်နေရတာပါ။
ဒီအမှုကို စက်တင်ဘာလ အစောပိုင်းမှာ စီရင်ချက်ချနိုင်ဖွယ်ရှိပြီး ထောင်ဒဏ် အနှစ် ၄၀ ကျော် ချမှတ်ခံရနိုင်ခြေရှိပါတယ်။
Source:Reuters










