
ဘရာဇီးသမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လက်ယာယိမ်း သမ္မတလောင်း ဖလာဗီယို ဘော်လ်ဆိုနာရိုဟာ အမေရိကန်ကို တိမ်းရှောင်သွားပြီး သူ့ကို ပြည်ဝင်ခွင့်ပေးဖို့ သဘောတူတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဘော်လ်ဆိုနာရိုနဲ့ မိသားစုကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမယ်လို့ အတည်ပြုပါတယ်။
“ကျုပ်ကတော့ လက်ခံမှာပဲ။ သူတို့က လူကောင်းတွေလို့ ထင်တယ်။ ရွေးကောက်ပွဲက အတော် ထူးဆန်းတယ်၊ ဆိုးရွားတယ်လို့လည်း ထင်တယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
အသက် ၄၅ နှစ်အရွယ် ဘော်လ်ဆိုနာရိုဟာ အောက်တိုဘာ ၂၅ ရက် ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗားကို ရှုံးနိမ့်ခဲ့ပါတယ်။
သူ့ရဲ့ဖခင် ဘရာဇီးသမ္မတဟောင်း ဂျိုင်ယာ ဘော်လ်ဆိုနာရိုဟာလည်း ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက် အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ထောင်ဒဏ် ၂၇ နှစ်ကျော် ချမှတ်ခံထားရပြီး လက်ရှိ နေအိမ်အကျယ်ချုပ် ကျခံနေရပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ပယ်ဖျက်ပေးဖို့ တောင်းဆိုထားပါတယ်။ ငွေကြေး ခဝါချမှု စုံစမ်းစစ်ဆေးချက်တခုနဲ့ ပတ်သက်ပြီး ဘရာဇီးတရားရုံးချုပ်က သူ့ရဲ့ နိုင်ငံကူးလက်မှတ် တွေ အပ်နှံဖို့ အောက်တိုဘာ ၂၆ ရက်မှာ အမိန့်ထုတ်ခဲ့ပါတယ်။
ဘော်လ်ဆိုနာရိုက သတ်မှတ်ချိန်အမီ မအပ်နှံခဲ့တာကြောင့် နောက်တနေ့မှာ နိုင်ငံကူးလက်မှတ်တွေ ပယ်ဖျက်ခံခဲ့ရပါတယ်။
ဘော်လ်ဆိုနာရိုဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို ရောက်ရှိခဲ့ပြီး ညီဖြစ်သူ အက်ဒွါဒို ဘော်လ်ဆိုနာရိုနဲ့ တွေ့ဆုံခဲ့တယ်လို့ ဘီဘီစီက သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြပါတယ်။
ဘော်လ်ဆိုနာရိုဟာ ငွေကြေးခဝါချမှုနဲ့ တရားစွဲဆိုခံထားရတာ မရှိသေးဘဲ စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုထားပါတယ်။
ဘရာဇီးသမ္မတ လူလာကတော့ ဘော်လ်ဆိုနာရို နိုင်ငံကနေ တိတ်တဆိတ် ထွက်ခွာသွားတာဟာ “ရှက်စရာကောင်းတဲ့လုပ်ရပ်” လို့ ဝေဖန်ခဲ့ပါတယ်။
Source: Reuters











