Home
နိုင်ငံတကာ
ဘရာဇီးသမ္မတဟောင်း ဘော်လ်ဆိုနာရို သားဖြစ်သူထံ ဒေါ်လာ ၃ သိန်းခွဲ ပေးပို့ခဲ့ကြောင်းထွက်ဆို
DVB
·
June 6, 2025
Photo: Reuters

ဘရာဇီးသမ္မတဟောင်း ဂျိုင်ရ် ဘော်လ်ဆိုနာရိုဟာ ဇွန် ၅ ရက်က ဖက်ဒရယ်ရဲတပ်ဖွဲ့ဆီမှာ သက်သေထွက်ဆိုခဲ့ပြီးနောက် သူဟာ အမေရိကန်ရှိ သူ့သား အက်ဒွာဒို ဘော်လ်ဆိုနာရို ဆီကို ဒေါ်လာ ၃ သိန်းခွဲလောက် ပို့ပေးခဲ့တယ်လို့ ပြောပါတယ်။

သမ္မတဟောင်း ဘော်လ်ဆိုနာရိုက “အမေရိကမှာ ဒေါ်လာ ၃ သိန်းခွဲလောက်က များတယ်လို့ မဆိုနိုင်ပါဘူး။ နိုင်ငံခြားမှာက ပိုဈေးကြီးပြီး မြေး ၂ ယောက်ရှိတာကြောင့် သူ့ကို အခက်အခဲတွေ မကြုံစေချင်ဘူး” လို့ ပြောပါတယ်။

ဖက်ဒရယ်ရဲတပ်ဖွဲ့က သမ္မတဟောင်း ဘော်လ်ဆိုနာရိုကို ဆင့်ခေါ်ခဲ့ပြီး သူဟာ နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ သူ့သား အက်ဒွာဒိုကို ငွေကြေးထောက်ပံ့မှု ရှိ မရှိ ရှင်းလင်းစေခဲ့တာပါ။

အက်ဒွာဒို ဘော်လ်ဆိုနာရိုဟာ ဗဟိုတရားရုံးချုပ် တရားသူကြီး အာလက်ရှန်းဒရေး ဒီမိုရာအက်စ် လို ဘရာဇီးအာဏာပိုင်တွေအပေါ် အမေရိကန် ပိတ်ဆို့အရေးယူမှု ဖြစ်လာနိုင်ခြေရှိအောင် ကြိုးကိုင်ထားတယ်ဆိုတဲ့ သံသယနဲ့ ဖက်ဒရယ်ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမေးမြန်းမှု ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု အစိုးရရှေ့နေရုံးက အက်ဒွာဒိုဟာ ဘရာဇီးအာဏာပိုင်တွေကို ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ဖို့ အမေရိကန်အာဏာပိုင်တွေကို အကြံပြုခဲ့တယ်လို့ စွပ်စွဲခဲ့ပြီးနောက်မှာ တရားသူကြီး ဒီမိုရာအက်စ်က ဖက်ဒရယ်ရဲတပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့ လိုင်စင်ရ ဥပဒေပြုအမတ် အက်ဒွာဒို ဘော်လ်ဆိုနာရိုကို ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးရှေ့နေချုပ် ပေါင်လိုဂိုနက်ထ် ပြောကြားချက်အရ နှစ်အစကတည်းက အက်ဒွာဒိုဟာ သူနဲ့ သူ့အဖေကို နိုင်ငံရေးအရ ဖိနှိပ်ညှဉ်းပန်းမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အောက်မှာ တရားရုံးချုပ် အဖွဲ့ဝင်တွေ၊ အစိုးရရှေ့နေရုံးနဲ့ ဖက်ဒရယ်ရဲတပ်ဖွဲ့ တို့အပေါ် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခံရစေဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024